အမေရိကန် ရေတပ်ရဲ့ မျိုးဆက်သစ် တိုက်လေယာဉ် စီမံကိန်းအတွက် အပြီးသတ် ရွေးချယ်မှုကို အခုသီတင်းပတ်ထဲမှာ ပြုလုပ်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာ ပါဝင်ပြီး အဆင့်အမြင့်ဆုံး စနစ်တွေ အားဖြည့် တပ်ဆင်ထားမယ့် ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ် အသစ်အတွက် ဘယ်ကုမ္ပဏီကို ကန်ထရိုက်စာချုပ် အပ်နှင်းမလဲဆိုတာ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အခုသီတင်းပတ်ထဲမှာ ကြေညာလာဖွယ် ရှိတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ဦးက ပြောပါတယ်။
အမေရိကန်ဟာ ခေတ်ရှေ့ပြေး ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ် အမျိုးအစား အနည်းဆုံး နှစ်ခုကို ထုတ်လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ တစ်မျိုးက လေတပ်အတွက်ဖြစ်ပြီး တစ်မျိုးကတော့ ရေတပ်အတွက်ပါ။ လေတပ်အတွက် ထုတ်လုပ်မယ့် တိုက်လေယာဉ် အသစ်ကိုတော့ Boeingက ထုတ်လုပ်ခွင့် ရထားပြီး F-47ဆိုတဲ့ ကုဒ်နာမည်နဲ့ တည်ဆောက်နေပါတယ်။
ရေတပ်အတွက် ထုတ်လုပ်မယ့် တိုက်လေယာဉ်ကိုတော့ F/A-XX ပရောဂျက်လို့ ယေဘုယျ ရည်ညွှန်း ခေါ်ဝေါ်လေ့ရှိပြီး Boeing၊ Lockheed Martinနဲ့ Northrop Grumman ကုမ္ပဏီတွေဆီကနေ အဆိုပြုချက်တွေ ကာကွယ်ရေး ဝန်ကြီးဌာနဆီ အသီးသီး တင်သွင်းထားပါတယ်။ အဲဒီထဲကမှ တစ်ခုကို မကြာခင် ဟက်ဂ်ဆက်သ်က ရွေးချယ် ဆုံးဖြတ်ဖွယ် ရှိပါတယ်။

Public Service Announcement
F/A-XX စီမံကိန်းအတွက် ကန်ထရိုက်စာချုပ် အပ်နှင်းခံရမယ့် ကုမ္ပဏီဟာ ရေတပ်မှာ လက်ရှိ အသုံးပြုနေတဲ့ စတုတ္ထမျိုးဆက် F/A-18 Super Hornetတွေထက် အများကြီး အဆင့်မြင့်တဲ့ ဘက်စုံသုံး ကိုယ်ပျောက် တိုက်လေယာဉ် အသစ်တွေကို ထုတ်လုပ်ပေးရမှာပါ။ အဲဒီ တိုက်လေယာဉ် အသစ်တွေဟာ ရေတပ်ရဲ့ ပဉ္စမမျိုးဆက် F-35 တိုက်လေယာဉ်တွေနဲ့အတူ အနာဂတ်မှာ ပူးတွဲ တာဝန်ထမ်းဆောင်သွားကြမှာ ဖြစ်ပါတယ်။
F/A-18တွေဟာ အမေရိကန် ရေတပ်ရဲ့ ဂန္ထဝင်မြောက် တိုက်လေယာဉ်တွေ ဖြစ်ခဲ့ပေမယ့်လည်း သက်တမ်းအားဖြင့်ကတော့ ၁၉၉၀ ပြည့်နှစ် ကတည်းက စတင် ထုတ်လုပ်လာခဲ့တာကြောင့် ကြာညောင်းနေပြီ ဖြစ်ပါတယ်။ ရေတပ်ဟာ F/A-18တွေအစား အများကြီး ပိုအဆင့်မြင့်တဲ့ တိုက်လေယာဉ်တွေကို အစားထိုးဖို့ ကြိုးစားနေပေမယ့် ဘတ်ဂျတ်ကိစ္စ အပါအဝင် နှောင့်နှေးမှုတွေနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။
အခုတော့ ဟက်ဂ်ဆက်သ်ဟာ ရေတပ်ရဲ့ အဆင့်အမြင့်ဆုံး အရာရှိတွေ၊ လက်နက်ပါရဂူတွေနဲ့ အလေးအနက် ဆွေးနွေးမှုတွေ ပြုလုပ်ပြီး ဘယ်ကုမ္ပဏီဆီ F/A-XX ပရောဂျက်ကို အပ်နှင်းမလဲဆိုတာ ဆုံးဖြတ်ပြီးပြီလို့ သိရပါတယ်။
အမေရိကန် ရေတပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ရေတပ်အနေနဲ့ အဆင့်မြင့် ကိုယ်ပျောက်စွမ်းရည် ပိုင်ဆိုင်တဲ့၊ စစ်ဆင်ရေး ပျံသန်းနိုင်မှု အကွာအဝေးနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေ ပိုကောင်းတဲ့၊ ဒရုန်းတွေနဲ့ပါ ချိတ်ဆက်ပြီး စစ်ဆင်ရေး ဆင်နွှဲနိုင်တဲ့ မျိုးဆက်သစ် တိုက်လေယာဉ် တစ်မျိုးကို ကန်ထရိုက် ကုမ္ပဏီတွေဆီ တောင်းဆိုထားဖွယ်ရှိကြောင်း သိရပါတယ်။
ကိုးကား: Reuters
















































