ခရစ်ပ်တို ဒစ်ဂျစ်တယ် ငွေကြေး စျေးကွက်ဟာ သမိုင်းတလျှောက် အကြီးကျယ်ဆုံး ထိခိုက် လှုပ်ခတ်ခဲ့တဲ့ တစ်နေ့တာကို ကြုံတွေ့ပြီးတဲ့နောက် အခြေအနေ ပြန်ကောင်းစ ပြုလာပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ်ရဲ့ သွင်းကုန်တွေအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့် စည်းကြပ်မယ်လို့ ကြေညာခဲ့တဲ့နောက် ခရစ်ပ်တို ငွေကြေးတွေ အမြောက်အမြားကို ထုတ်ရောင်းကြတဲ့ အခြေအနေမျိုး ပေါ်ပေါက်လာပါတယ်။ အကျိုးဆက် အနေနဲ့ ရောင်းလိုအား အရမ်းများပြီး ခရစ်ပ်တိုငွေကြေး တန်ဖိုးတွေ ကျဆင်းကုန်တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့က စံချိန်တင် ပမာဏအဖြစ် ခရစ်ပ်တို ငွေကြေးပိုင်ဆိုင်သူ ၁.၆၆ သန်းလောက်ဟာ သူတို့ရဲ့ ဒစ်ဂျစ်တယ် ငွေကြေးယူနစ်တွေကို ရောင်းချပြီး ငွေဖော်ခဲ့ကြပါတယ်။ ဒါကြောင့် စျေးတွေလည်း ကျကုန်ပြီး ဒေါ်လာ ၁၉.၃ ဘီလီယံလောက် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။ တကယ်တမ်း အဆုံးအရှုံးဟာ ဒေါ်လာ ၃၀ ဘီလီယံလောက်ထိ များတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ တချို့ စျေးကွက် သုတေသီတွေက ပြောပါတယ်။ ဥပမာ နာမည်ကြီး ခရစ်တို ငွေကြေးယူနစ်ဖြစ်တဲ့ Bitcoinဟာ ၇ နာရီအတွင်း မူလတန်ဖိုး ဒေါ်လာ ၁၂၁၀၀၀ ကနေ ၁၀၉၀၀၀ ဆီကို ထိုးဆင်းသွားခဲ့ပါတယ်။
တစ်ရက်တာ အတွင်းမှာတင် ခရစ်ပ်တို စျေးကွက်မှာ အဲဒီငွေကြေးတွေကို ဝယ်ယူကိုင်ဆောင်လိုမှု ပြသတဲ့ ညွှန်ကိန်းအမှတ်က ၆၄ ကနေ ၂၇ ထိ ကျဆင်းသွားပါတယ်။ ၆၄ ထိ များပြားနေခြင်းက အဲဒီ ငွေကြေးတွေအပေါ် မက်မောမှု ရှိတာကို ရည်ညွှန်းပြီး ၂၇ ကတော့ ကိုင်ဆောင်ထားရမှာကို စိုးရိမ်နေတယ်ဆိုတဲ့ သဘောမျိုးပါ။

Public Service Announcement
ခရစ်ပ်တို ငွေကြေးတွေရဲ့ သမိုင်းကြောင်းမှာတော့ ဒါဟာ တစ်ရက်တာအတွင်း အဆိုးဆုံး တန်ဖိုးကျဆင်းမှုလည်း ဖြစ်လာတယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ ခရစ်ပ်တို ငွေကြေးတွေ မတည်မငြိမ် ဖြစ်ခြင်းက သမားရိုးကျ ငွေကြေးစျေးကွက်မှာပါ အတိုင်းအတာ တစ်ခုနဲ့ ထိခိုက်မှုတွေ ဖြစ်စေခဲ့ပါတယ်။
မြေရှားသတ္တုတွေ ပြည်ပကို တင်ပို့ရောင်းချနေမှုကို တရုတ်က ကန့်သတ်ဖို့ ပြင်ဆင်လာတာကို ထရမ့်က ခါးခါးသီးသီး တုံ့ပြန်ခဲ့သလို တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ လူချင်းတွေ့မယ့် ကိစ္စကို ဖျက်သိမ်းဖို့ စဉ်းစားနေကြောင်း၊ တရုတ် ကုန်စည်တွေအပေါ် အခွန်အလုံးအရင်း တိုးမြှင့် စည်းကြပ်မှာဖြစ်ကြောင်း ပြောကြားခဲ့တဲ့နောက် ခရစ်ပ်တို စျေးကွက်ထဲမှာ ငွေကြေးယူနစ်တွေကို စိုးရိမ်တကြီး ထုတ်ရောင်းမှုတွေ စတင်လာခဲ့တာပါ။ ထရမ့်က သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန် တချို့ကို နစ်နာစေတာမျိုး ဖြစ်နိုင်တယ်လို့တော့ ဝန်ခံခဲ့ပါတယ်။
ဒါပေမဲ့ စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ ခရစ်ပ်တို ငွေကြေးယူနစ်တွေ တန်ဖိုးထိုးကျမှုက ရပ်တန့်သွားပြီး နည်းနည်း တက်ရိပ် ပြန်ပြလာပါတယ်။ တရုတ်ကလည်း မြေရှားသတ္တုတွေ တင်ပို့မှု ကန့်သတ်ရေး အစီအမံတွေ တင်းကျပ်မယ့် ကိစ္စကို ပြန်စဉ်းစားမယ့် သဘောမျိုး တွေ့လာရပါတယ်။ စျေးကွက် သုတေသီတွေကတော့ ထရမ့်ဆီက အခွန်တိုးမယ့် စကားကြောင့် ခရစ်ပ်တို စျေးကွက်ဟာ အစိုးရိမ်ကြီးပြီး လွန်လွန်ကဲကဲ တုံ့ပြန်ခဲ့တာမျိုးလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်လာကြပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ Bitcoinရဲ့ တန်ဖိုးက ၅ ရာခိုင်နှုန်း တက်ရိပ်ပြန်ပြလာပြီး ဒေါ်လာ ၁၁၅၁၀၀ ထိ ပြန်ရောက်လာပါတယ်။ Ethereumက ၁၀.၅ ရာခိုင်နှုန်း၊ Solanaက ၁၂ ရာခိုင်နှုန်း၊ BNBက ၁၆.၅ ရာခိုင်နှုန်း၊ Dogecoinက ၁၁.၄ ရာခိုင်နှုန်းဆီ တန်ဖိုး အတက်ဖက် ပြန်ဦးတည်လာခဲ့တယ်လို့လည်း သိရှိရပါတယ်။
ကိုးကား: Decrypt


















































