အောက်တိုဘာ-၁၄၊၂၀၂၅။People’s Spring
အခုအခါဂါဇာကမ်းမြှောင်ဒေသမှာပြန်လည် ထူထောင်ရေးကိုပဲ အာရုံစိုက်ရတော့မှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကပြောကြားခဲ့ပါတယ်။
ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက်အတွက်ထရမ့်ဟာအီဂျစ်၊ ကာတာ၊တူရကီအစိုးရတွေနဲ့အတူ လက်မှတ်ရေးထိုးခဲ့တဲ့နောက်အခုလို မှတ်ချက်ပေးခဲ့တာပါ။နိုင်ငံတကာခေါင်းဆောင်တွေတက်ရောက်ခဲ့တဲ့ ဂါဇာ ငြိမ်းချမ်းရေး ညီလာခံကို အောက်တိုဘာ ၁၃ ရက်နေ့က အီဂျစ်ရဲ့ အပန်းဖြေစခန်းမြို့ ရှမ်အယ်လ်ရှိတ်ခ်မှာကျင်းပခဲ့တာဖြစ်ပါတယ်။
အဲဒီညီလာခံရဲ့ရည်ရွယ်ချက်ကတော့ထရမ့် ကြားဝင်ကမ်းလှမ်းခဲ့တဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို အစ္စရေးရော၊ ဟားမားစ်ကပါခိုင်ခိုင်မာမာလိုက်နာကျင့်သုံးကြတာသေချာအောင်ဝိုင်းဝန်းကူညီစောင့်ကြည့်ကြဖို့ ဖြစ်ပါတယ်။

Public Service Announcement
အောက်တိုဘာ၁၃ ရက်နေ့မှာပဲဟားမားစ်ဟာလက်ကျန် ထိန်းသိမ်းထားတဲ့ အစ္စရေးဓားစာခံ၂၀ စလုံးကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးကလည်း ပါလက်စတိုင်း အကျဉ်းသား ၁၇၀၀ ကျော်ကို လွတ်ငြိမ်းခွင့် ပေးခဲ့ပါတယ်။ ဟားမားစ်တွေလက်ထဲမှာ ထိန်းသိမ်းထားရင်း သေဆုံးခဲ့တဲ့ အစ္စရေး ဓားစာခံ ၂၈ ဦးရဲ့ အလောင်းတွေကို လွှဲပြောင်းပေးရေးကိစ္စကိုလည်းဆက်လက်ဆောင်ရွက်နေပါတယ်။
ထရမ့်ကတော့ဂါဇာရဲ့စစ်ပွဲဟာပြီးဆုံးခဲ့ပါပြီလို့ အရှေ့အလယ်ပိုင်း ခရီးစဉ်မတိုင်ခင်မှာ ကြွေးကြော်ခဲ့ပါတယ်။ သူဟာအီဂျစ်ကိုရောက်မလာခင် အစ္စရေးမှာ ခရီးတထောက်နားပြီး အစ္စရေးလွှတ်တော်မှာ မိန့်ခွန်းပြောခဲ့ပါသေးတယ်။အဲဒီ လွှတ်တော် မိန့်ခွန်းမှာတော့ထရမ့်က နာကျင်ခဲ့ရတဲ့ ရှည်ရှည်လျားလျား အိပ်မက်ဆိုးကြီး ပြီးဆုံးခဲ့ပါပြီလို့ မှတ်ချက်ပေးသွားပါတယ်။
အီဂျစ်ကို ရောက်လာချိန်မှာတော့အိမ်ရှင်အီဂျစ်သမ္မတာအက်ဘ်ဒူလ်ဖာတားဟ်အယ်လ်ဆီဆီ အပါအဝင် ကမ္ဘာ့နိုင်ငံ ၂၀ ကျော်က ခေါင်းဆောင်တွေနဲ့အတူ ထရမ့်က ပြုံးပြုံးရွှင်ရွှင် ရှိနေခဲ့တာ တွေ့ရပါတယ်။လူတိုင်းလည်းပျော်နေခဲ့တယ်လို့ သူကဆိုပါတယ်။ သူ့ဘဝမှာ အရင်ကလည်း အရေးပါတဲ့ သဘောတူညီချက်တွေ ရအောင် ညှိနှိုင်းပေးခဲ့ဖူးကြောင်း၊ ဒါပေမဲ့ ဂါဇာ ကိစ္စကတော့အာကာသယာဉ် တည်ဆောက်ရသလောက် ခက်ခဲကြောင်း ထရမ့်က ပြောပါတယ်။
ဒီနေ့အခြေအနေမျိုးရောက်လာဖိုနှစ် ၃၀၀၀ လောက်အချိန်စောင့်ခဲ့ရပြီးယုံဖို့တောင်ခက်ကြောင်း၊ ဒီသဘောတူညီမှုဟာရေရှည်လည်းတည်တံ့ရမှာဖြစ်ကြောင်း သူက ဆိုပါတယ်။ ငြိမ်းချမ်းရေး အစီအမံ လက်မှတ်ရေးထိုးပြီးတဲ့ အချိန်မှာတော့ အယ်လ်စီစီကအီဂျစ်ရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုဖြစ်ပြီး ရွှေသားအတိနဲ့သွန်းလုပ်ထားတဲ့ Order of the Nile ဆုတံဆိပ်လည်ဆွဲကိုထရမ့်ဆီ ပေးအပ်ခဲ့ပါတယ်။
သမိုင်းရဲ့ထိခိုက်နာကျင်မှုတွေ အများဆုံး မျက်နှာစာ တစ်ခုကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့ပြီလို့လည်း အယ်လ်ဆီဆီက ဆိုပါတယ်။ ထရမ့်ကတော့ အခုလို ထူးကဲတဲ့ သမိုင်းဝင်ငြိမ်းချမ်းရေး ညှိနှိုင်းအောင်မြင်မှုတစ်ခု ရရှိလာအောင် ဝိုင်းဝန်းကူညီပေးခဲ့တဲ့ဒေသတွင်းနိုင်ငံတွေရဲ့ခေါင်းဆောင်တွေကိုလည်း ချီးကျူးခဲ့ပါတယ်။
လှပပြီး သစ်လွင်တဲ့နေ့တစ်နေ့ကထွန်းလင်းလာပြီဖြစ်ကြောင်း၊အခုတော့ပြန်လည်တည်ဆောက်ရေးအတွက်ကာလဖြစ်လာကြောင်းသူကပြောပါတယ်။
သူ့ရဲ့ ငြိမ်းချမ်းရေး အစီအမံ ပထမအဆင့်အဖြစ် အစ္စရေးဓားစာခံတွေနဲ့ပါလက်စတိုင်း အကျဉ်းသားတွေ လဲလှယ်မှု ပြီးတဲ့နောက်စစ်ပွဲကို အပြီးတိုင် ရပ်စဲပြီး ငြိမ်းချမ်းရေးကို အာမခံချက်ပေးမယ့် ဒုတိယအဆင့် အစီအမံတွေအတွက် စတင် ဆွေးနွေးနေပြီလို့လည်းထရမ့်ကအတည်ပြုခဲ့ပါတယ်။
လောလောဆယ်တော့ ဂါဇာမှာလုံးဝဥဿုံ အပစ်အခတ် ရပ်စဲထားပြီဖြစ်ပြီးအပြီးသတ်ငြိမ်းချမ်းရေး သဘောတူညီမှုအတွက် အစ္စရေးနဲ့ ဟားမားစ်တို့ကြား အကျေအလည် ဆက်လက် ဆွေးနွေးနေပါတယ်။ ထရမ့်ကတော့ အပစ်ရပ်နေတဲ့ အခြေအနေဟာ ဆက်လက် တည်တံ့နေမယ်လို့ ပြောကြားပြီး လောလောဆယ် ဦးစားပေး လုပ်ဆောင်ရမှာကတော့ စစ်ပြီးခေတ် ဂါဇာရဲ့ အုပ်ချုပ်ရေး အစီအမံတွေကို တိတိကျက ထူထောင်နိုင်ဖို့ဖြစ်ကြောင်းလည်း မှတ်ချက်ပေးထားပါတယ်။
ကိုးကား: BBC
























































