သေဆုံးခဲ့တဲ့ ဝန်ထမ်းဆီကနေ ခွင့်တိုင်ဖို့ စာရွက်စာတမ်းတွေ လှမ်းတောင်းမိခဲ့တဲ့ ထိုင်ဝမ် ခရီးသည်တင် လေကြောင်းလိုင်း တစ်ခုက အဲဒီအမှားအတွက် တောင်းပန်ခဲ့ရပါတယ်။
Eva လေကြောင်းလိုင်းရဲ့ အသက် ၃၄ နှစ်အရွယ် လေယာဉ်မယ် တစ်ဦးဟာ အလုပ်ခွင်မှာ နေထိုင်မကောင်း ဖြစ်လာရာက ဆေးရုံတက်ခဲ့ရပြီး အခုလဆန်းပိုင်းမှာ ကွယ်လွန်ခဲ့ပါတယ်။ မီဒီယာတွေက ဆွန်လို့သာ မျိုးရိုးနာမည် ဖော်ပြခဲ့တဲ့ အမျိုးသမီးဟာ မတန်တဆ အလုပ်ဒဏ် ပိရာက အသက်ဆုံးရှုံးခဲ့တာ ဖြစ်နိုင်ကြောင်း ထင်ကြေးတွေ ပျံ့နှံ့နေပြီး အဲဒီကိစ္စအပေါ် လူထုကြားမှာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
ဒီလို ထိလွယ်ရှလွယ် အခြေအနေမျိုးမှာမှ လေကြောင်းလိုင်းက ဆွန်ရဲ့ ဖုန်းထဲကို သူခွင့်ယူခဲ့တဲ့ ကာလတုန်းက ဆေးရုံတက်ခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း စာရွက်စာတမ်း အထောက်အထားတွေ တင်ပြဖို့ message ပို့ခဲ့တာပါ။ အဲဒီ messageက ဆွန်ကွယ်လွန်ပြီး ရက်ပိုင်းအကြာမှ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ လေကြောင်းလိုင်းရဲ့ လူ့အရင်းအမြစ် စီမံခန့်ခွဲရေး ဌာနက စိစစ်မှု အားနည်းချက်ကြောင့် ကြုံခဲ့တဲ့ အမှားအယွင်းလို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ နဂိုကတည်းက လူတွေ စိတ်ဝင်စားနေတဲ့ ပြဿနာ တစ်ခုကိုမှ အခုလိုမျိုး သေသူဆီက စာရွက်စာတမ်း လှမ်းတောင်းတဲ့ထိ ထပ်ပြီး လွဲခဲ့တဲ့ အခါမှာတော့ ကိစ္စတွေက ပိုရှုပ်ကုန်ပါတယ်။

Public Service Announcement
အခုတော့ လေကြောင်းလိုင်းက ဆွန်သေဆုံးမှု အတွက် အထူးဝမ်းနည်း ကြေကွဲကြောင်းနဲ့ စာရွက်စာတမ်း လှမ်းတောင်းတဲ့ အမှားအတွက် တောင်းပန်ကြောင်း ကြေညာချက် ထုတ်ခဲ့ရပါတယ်။ ပြီးတော့ ဆွန်ရဲ့ မိသားစုကိုလည်း အချိန်နဲ့ တပြေးညီ ဆက်သွယ်ပြီး လိုအပ်တဲ့ အကူအညီတွေ ကမ်းလှမ်းထားတယ်လို့ Eva လေကြောင်းလိုင်းက ပြောပါတယ်။
ဝန်ထမ်းတွေနဲ့ ခရီးသည်တွေရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးဟာ လေကြောင်းလိုင်းအတွက် အမြဲ ဦးစားပေးအဆင့် သတ်မှတ်ထားတဲ့ ကိစ္စလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။
အခုအခါ ထိုင်ဝမ် အာဏာပိုင်တွေနဲ့ လေကြောင်းလိုင်း ပူးပေါင်းပြီး ဆွန်မကွယ်လွန်ခင် နာမကျန်း ဖြစ်နေတုန်းက လိုအပ်တဲ့ ကျန်းမာရေး အထောက်အပံ့တွေနဲ့ ခွင့်ခံစားခွင့်တွေ ရခဲ့ရဲ့လား ဆိုတာကို ပြန်လည် စိစစ် စုံစမ်းနေပါတယ်။
ဆွန်ဟာ စက်တင်ဘာ ၂၄ ရက်နေ့တုန်းက အီတလီနိုင်ငံ မီလန်မြို့ကနေ လေကြောင်းလိုင်း ဌာနချုပ် တည်ရှိရာ တိုင်ယွန်မြို့ဆီ ဦးတည်ပျံသန်းတဲ့ ခရီးစဉ် အတောအတွင်း နာမကျန်း ဖြစ်ခဲ့တာပါ။ သူဟာ တိုင်ယွန် လေဆိပ်ကို ရောက်ရောက်ချင်း ဆေးရုံတက်ခဲ့ရပြီး အောက်တိုဘာ ၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
သူသေဆုံးပြီး နောက်ပိုင်းမှာ လေကြောင်းလိုင်းက စက်တင်ဘာလတုန်းက ဆေးရုံတက်နေချိန် ခွင့်ယူထားတဲ့ကိစ္စ စာရွက်စာတမ်းတွေ တင်ပြဖို့ message လှမ်းပို့ခဲ့တာလို့ မိသားစုက ပြောပါတယ်။
ဆွန်ရဲ့ အမည်မဖော်တဲ့ လုပ်ဖော်ကိုင်ဖက် တချို့က အဲဒီ အမျိုးသမီးဟာ နေထိုင်မကောင်း ဖြစ်နေချိန်မှာတောင် ခွင့်ယူလို့ မရခဲ့ဘဲ အလုပ်ဆက်လုပ်ဖို့ ဖိအားပေး ခိုင်းစေ ခံခဲ့ရကြောင်း ပြောကြားခဲ့တဲ့နောက် သူ့သေဆုံးမှုကို ထိုင်ဝမ်မှာ စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့တာပါ။
မှတ်တမ်းတွေ အရတော့ ဆွန်ဟာ လွန်ခဲ့တဲ့ ၆ လအတွင်း ပျမ်းမျှ တစ်လကို လေယာဉ်ပေါ် လိုက်ပါချိန် ၇၅ နာရီ ဝန်းကျင်ရှိခဲ့ပြီး ဒါဟာ သတ်မှတ် စံနှုန်းတွေနဲ့ ကိုက်ညီတယ်လို့ သိရပါတယ်။
ကိုးကား: BBC
















































