အိမ်ဖြူတော်ရဲ့ အစိတ်အပိုင်း တချို့ကို အောက်တိုဘာ ၂၀ ရက်နေ့က စတင် ဖြိုချနေကြောင်း သိရပါတယ်။ ရည်ရွယ်ချက်ကတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ဆန္ဒရှိနေတဲ့ ball room တစ်ခုကို ချဲ့ထွင် တည်ဆောက်ဖို့ ဖြစ်ပါတယ်။
အိမ်ဖြူတော်ရဲ့ အရှေ့ဖက် အရပ်က အဆောင်နံရံတွေ၊ ပြတင်းပေါက်တွေကို စတင် ဖြိုချနေတာ ဖြစ်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ထရမ့်က အဲဒီ နေရာမှာ လုံးဝဥဿုံ ခေတ်မီအောင် ဆန်းသစ်ထားတဲ့ ပြင်ဆင် ပြောင်းလဲမှုတွေ ရှိလာစေမယ်လို့ သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ဖူးပါတယ်။
ဒေါ်လာ သန်း ၂၅၀ လောက် ကုန်ကျမယ့် ball room ချဲ့ထွင်မှုဟာ သိပ်မကြာခင် စတင်နိုင်လိမ့်မယ်လို့ ထရမ့်က ပြောထားဖူးပါတယ်။ အဲဒီ ခန်းမဆောင်ဟာ ရှိရင်းစွဲ အဆောက်အအုံမှာပဲ အခြေပြုပြီး အပြောင်းအလဲ ကြီးကြီးတော့ မရှိနိုင်ဘူးလို့ သူက ဆိုပါတယ်။
သူစိတ်ကူးထားတဲ့ ball room အသစ်ဟာ ရှိရင်းစွဲ အိမ်ဖြူတော် အဆောက်အအုံကို ထိခိုက်စေမှာ မဟုတ်ကြောင်း၊ သူက အိမ်ဖြူတော်ရဲ့ တည်ဆောက်မှုနဲ့ ဗိသုကာ လက်ရာတွေကို အရမ်းလေးစားကြောင်း၊ အိမ်ဖြူတော်က သူသဘောအကျဆုံး နေရာတစ်ခုဖြစ်ကြောင်း ထရမ့်က ပြောခဲ့ဖူးပါတယ်။

Public Service Announcement
အောက်တိုဘာ ၂၀ မှာတော့ ထရမ့်က အမှန်တကယ် လိုအပ်တဲ့ ball room အသစ်အတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင် စနေပြီလို့ လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။ သူက အဲဒီ ဆောက်လုပ်မှုမှာ ပြည်သူ့ ဘဏ္ဍာတွေကို သုံးစွဲခဲ့တာ မဟုတ်ဘဲ အင်မတန် ရက်ရောတဲ့ မျိုးချစ်ပုဂ္ဂိုလ် အများအပြားရဲ့ ထည့်ဝင်ငွေကိုပဲ အသုံးပြုခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ရန်ပုံငွေ ထောက်ပံ့သူတွေရဲ့ စာရင်းကိုတော့ အိမ်ဖြူတော်က မကြေညာခဲ့ပါဘူး။
အိမ်ဖြူတော်ဟာ အမေရိကန် သမ္မတ အဆက်ဆက်ရဲ့ ရုံးစိုက်ရာ အဆောက်အအုံအဖြစ် ရာစုနှစ် နှစ်ခုကြာ ဖြတ်သန်းခဲ့ပြီးပါပြီ။ အိမ်ဖြူတော်ရဲ့ အရှေ့ဖက်ခြမ်း အဆောင်ကို ၁၉၀၂ မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၄၂ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် ပြင်ဆင်မွမ်းမံမှုတွေ လုပ်ထားခဲ့ကြောင်း သိရပါတယ်။
ကိုးကား: BBC






















































