အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး ညီလာခံမှာ နိုင်ငံခေါင်း ဆောင် ၃ ဦးရဲ့ နာမည်တွေကို မှားယွင်း ဖော်ပြမိတာကြောင့် မလေးရှား သတင်းဌာန တစ်ခုက တောင်းပန်ခဲ့ရပါတယ်။
Radio Televisyen Malaysia (RTM) ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံမှာ အရှေ့တောင်အာရှ နိုင်ငံ ၃ ခုရဲ့ ခေါင်းဆောင်တွေ နာမည်ကို အရင် နိုင်ငံ ခေါင်းဆောင်ဟောင်းတွေနဲ့ ရောထွေးမှားယွင်းပြီး ကြေညာမိခဲ့ကြောင်း အောက်တိုဘာ ၂၆ ရက်နေ့က အတည်ပြု ဝန်ခံခဲ့ပါတယ်။ အဲဒီနေ့က ညီလာခံအကြောင်း တိုက်ရိုက် သတင်းထုတ်လွှင့်ချိန်မှာ RTMဟာ စင်ကာပူ၊ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံ ခေါင်းဆောင်တွေကို လူတွေမှားပြီး ရည်ညွှန်း ကြေညာမိခဲ့တာ ဖြစ်ပါတယ်။
RTMရဲ့ သတင်းကြေညာသူတွေဟာ စင်ကာပူ ဝန်ကြီးချုပ် လောရင့်ဝေါင်ကို သူ့မတိုင်ခင်က ဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းလို့ ရည်ညွှန်းသွားပါတယ်။ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်ကိုလည်း RTMရဲ့ သတင်းဖတ်ကြားသူက ၂၀၂၄ ခုနှစ်မှာ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဆရက်သာ သာဗီဆင်အဖြစ် ဖော်ပြခဲ့ပါတယ်။
အစောပိုင်းမှာလည်း RTMဟာ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုကို သူ့မတိုင်ခင် သမ္မတဖြစ်ခဲ့သူ ဂျိုကို ဝီဒိုဒိုအဖြစ် မှားယွင်း ဖော်ပြခဲ့ပါသေးတယ်။

Public Service Announcement
သတင်းဌာနက မလေးဘာသာနဲ့ Facebookပေါ်မှာ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာမှာတော့ ဒီအမှားတွေကို တောင်းပန်ထားပြီး ဒါကို တကယ့် အလေးအနက်ထား အရေးယူရမယ့် ကိစ္စလို့ ရှုမြင်ထားပြီး သင့်တော်သလို ကိုင်တွယ်ထားကြောင်း ဖော်ပြခဲ့ပါတယ်။
RTM အနေနဲ့ ဖော်ပြတဲ့ သတင်းအချက်အလက်တွေရဲ့ စစ်မှန်မှုနဲ့ တန်ဖိုးကို ထိန်းသိမ်းဖို့အတွက် စာတည်းအဖွဲ့ကို ပိုကြပ်မတ်ပြီး အချက်အလက် စစ်ဆေးမှုတွေကိုလည်း တိုးမြှင့်သွားမယ်လို့ ပြောပါတယ်။
အစောပိုင်းမှာ ပရာဘိုဝိုရဲ့ နာမည်ကို မှားယွင်းဖော်ပြခဲ့တုန်းက RTMဟာ အဲဒီအမှားအတွက် အင်ဒိုနီးရှား သမ္မတနဲ့ အစိုးရကို ဆက်သွယ် တောင်းပန်ခဲ့ရကြောင်း သိရပါတယ်။
ကိုးကား: CNA
















































