အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ဆိုင်ရာ တရားဝင် ဘောလုံးပြိုင်ပွဲ တစ်ခု ကျင်းပဖို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)နဲ့ အာဆီယံတို့ကြား သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။
အဲဒီ ပြိုင်ပွဲအသစ်ကို ဖီဖာ အာဆီယံ ဖလားပြိုင်ပွဲလို့ ခေါ်ဝေါ်မှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး ညီလာခံကို ဖီဖာ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုလည်း တက်ရောက်ခဲ့ပြီး ပြိုင်ပွဲသစ် ကျင်းပရေး နားလည်မှု စာချွန်လွှာကို အာဆီယံ အတွင်းရေးမှူးချုပ် ချောင်ကင်ဟွမ်နဲ့အတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ ပြိုင်ပွဲအသစ်မှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲရဲ့ ပုံစံကိုတော့ ဖီဖာက ကမကထပြုပြီး ၂၀၂၁ ခုနှစ်မှာ စတင် ကျင်းပခဲ့တဲ့ အာရပ်ဖလား ပြိုင်ပွဲကို မှီငြမ်းသွားမယ်လို့ သိရပါတယ်။
ဒေသဆိုင်ရာ ဘောလုံး လှုပ်ရှားမှု ပြက္ခဒိန်ထဲမှာတော့ ဒီပြိုင်ပွဲဟာ ထူးကဲကောင်းမွန်တဲ့ ပေါင်းစပ်မှုသစ်တစ်ခု ဖြစ်လာမယ်လို့ အင်ဖန်တီနိုက ဆိုပါတယ်။

Public Service Announcement
ဖီဖာ အာဆီယံဖလား ပြိုင်ပွဲမှာ နိုင်ငံတွေကို စုပေါင်းပေးနိုင်မှာ ဖြစ်ကြောင်း၊ ဒီပြိုင်ပွဲဟာ အာဆီယံ ဒေသရဲ့ လက်ရွေးစင် ဘောလုံးအသင်းတွေအတွက် ကောင်းကျိုးတွေ ရရှိစေမယ့်အပြင် အရှေ့တောင်အာရှ ဘောလုံးအဆင့်အတန်း တိုးတက်ရေးကိုလည်း အထောက်အပံ့ ဖြစ်စေမယ်လို့ ယုံကြည်ကြောင်း သူက ပြောကြားသွားပါတယ်။
ပြိုင်ပွဲကျင်းပမယ့် ပုံစံတွေကို ပြင်ဆင်ရေးဆွဲရာမှာ ဖီဖာဟာ အာရှဘောလုံး အဖွဲ့ချုပ် (AFC)၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)တို့ အပါအဝင် သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
ကိုးကား: Reuters




















































