Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘောပေါ်က ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ်တွေ တစ်နေ့တည်း ပျက်ကျ

အမေရိကန် ရေတပ်ရဲ့ ရဟတ်ယာဉ် တစ်စီးနဲ့ တိုက်လေယာဉ် တစ်စီးတို့ဟာ တစ်နေ့တည်းမှာတင် ပျက်ကျခဲ့ကြကြောင်း သိရပါတယ်။

ဓာတ်ပုံ - U.S. Navy/File

အမေရိကန် ရေတပ်ရဲ့ ရဟတ်ယာဉ် တစ်စီးနဲ့ တိုက်လေယာဉ် တစ်စီးတို့ဟာ တစ်နေ့တည်းမှာတင် ပျက်ကျခဲ့ကြကြောင်း သိရပါတယ်။

ကွဲပြားတဲ့ ဖြစ်စဉ်နှစ်ခုဟာ တောင်တရုတ်ပင်လယ် ရေပြင်မှာချည်း ဖြစ်ပွားခဲ့ပြီး လေယာဉ်တွေရဲ့ အမှုထမ်းတွေကိုတော့ ဘေးကင်းကင်း ကယ်တင်နိုင်ခဲ့တယ်လို့ ရေတပ်ရဲ့ ပစိဖိတ် စစ်ဆင်ရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ လေယာဉ်တွေ ပျက်ကျခဲ့တဲ့ အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း ပြောပါတယ်။

ရေတပ်က ထုတ်ပြန်ရာမှာတော့ အောက်တိုဘာ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတုန်းက MH-60R Seahawk အမျိုးအစား ရဟတ်ယာဉ်ဟာ ပင်လယ်ထဲကို ပျက်ကျသွားခဲ့ကြောင်း သိရပါတယ်။ ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသူ ၃ ဦးစလုံးကို ကယ်ဆယ်ရေး အဖွဲ့တွေက ရှာဖွေ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီ ရဟတ်ယာဉ်ဟာ USS Nimitz လေယာဉ်တင် သင်္ဘောကြီးပေါ်ကနေ ပုံမှန် သတ်မှတ် ခရီးစဉ် တစ်ခုအတွက် ပျံသန်းရင်း ပျက်ကျခဲ့တာလို့ ဆိုပါတယ်။

နောက်ထပ် နာရီဝက် အကြာမှာတော့ USS Nimitzပေါ်မှာပဲ အခြေစိုက်တဲ့ အမေရိကန် ရေတပ် တိုက်လေယာဉ် F/A-18F တစ်စီး ပျက်ကျခဲ့ပြန်တာ ဖြစ်ပါတယ်။ လေယာဉ်မှူး နှစ်ဦးကိုလည်း ဘေးမသီ ရန်မခ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ရေတပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ရေတပ်ဟာ USS Nimitzကို ယီမင် အခြေစိုက် ဟိုသီသူပုန်တွေရဲ့ စစ်စခန်းတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးအတွက် အရှေ့အလယ်ပိုင်းမှာ အချိန်အတော်ကြာ ဖြန့်ကျက်ထားပြီးတဲ့နောက် ဝါရှင်တန် ပြည်နယ်ဆီ ပြန်လာဖို့ ခေါ်ယူထားပါတယ်။ အဲဒီ လေယာဉ်တင် သင်္ဘောကြီးကို လာမယ့်နှစ်မှာ ရေတပ်က အပြီးတိုင် အနားပေးဖို့လည်း စီစဉ်ထားပါတယ်။ USS Nimitzဟာ အမေရိကန် လေယာဉ်တင် သင်္ဘောအားလုံးထဲမှာ သက်တမ်းအရှည်ကြာဆုံး ရေယာဉ်ကြီးလည်း ဖြစ်ပါတယ်။

USS Nimitzပေါ်က လေယာဉ်နှစ်စီး ဆုံးရှုံးခဲ့တဲ့ ဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ ပေါ့ဆမှု၊ မှားယွင်းကိုင်တွယ်မှုတွေ ရှိခဲ့သလား ဆိုတာကိုတော့ မသိရသေးပါဘူး။ တခြား အမေရိကန် လေယာဉ်တင် သင်္ဘော တစ်စီးဖြစ်တဲ့ USS Harry S. Trumanကတော့ အဲဒီလို အမှားမျိုးတွေကြောင့် ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အတော်လေး ခေါင်းခဲစရာတွေ ဖြစ်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ဖြန့်ကျက်ထားခဲ့ချိန် ဒီဇင်ဘာလတုန်းက USS Harry S. Trumanပေါ်က ပျံတက်လာတဲ့ F/A-18 တိုက်လေယာဉ်ကို အခြံအရံ ရေယာဉ်တစ်စီးဖြစ်တဲ့ ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာ စစ်သင်္ဘော USS Gettysburgက မှားယွင်း ပစ်ချမိခဲ့ပါတယ်။ ဧပြီလမှာတော့ အဲဒီ လေယာဉ်တင် သင်္ဘောပေါ် ရပ်နားထားတဲ့ F/A-18 တိုက်လေယာဉ် တစ်စီးဟာ ပင်လယ်နီ ရေပြင်ဆီ လိမ့်ဆင်းသွားပြီး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ မေလမှာလည်း F/A-18 တိုက်လေယာဉ်တစ်စီး သင်္ဘောပေါ် အဆင်းမှာ အရှိန်သတ်ပေးမယ့် သံမဏိကြိုးနဲ့ မချိတ်မိဘဲ အရှိန်လွန်ပြီး ပင်လယ်ထဲ ကျသွားတာကြောင့် လေယာဉ်မှူးနှစ်ဦး အရေးပေါ် လေထီးနဲ့ ခုန်ထွက်ခဲ့ရပါတယ်။ အဲဒီ ဖြစ်စဉ်တွေမှာ ရေတပ်သားတွေ ထိခိုက်သေဆုံးမှု မရှိခဲ့ပေမယ့်လည်း အပူတပြင်း စုံစမ်းစစ်ဆေးမှုတွေကိုတော့ လုပ်ဆောင်နေပါတယ်။

F/A-18 တိုက်လေယာဉ် တစ်စီးဟာ ပျမ်းမျှ ဒေါ်လာ သန်း ၆၀ ကျော်လောက် တန်ကြေးရှိတယ်လို့လည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ