ဂါဇာ ကမ်းမြှောင်ဒေသထဲမှာ ပျောက်ဆုံးနေဆဲ အစ္စရေး ဓားစာခံ ရုပ်အလောင်းတွေကို အီဂျစ်နိုင်ငံနဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ပူးပေါင်းပြီး စတင် ရှာဖွေနေကြောင်း သိရပါတယ်။
အဲဒီ ဓားစာခံတွေဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုမှာ ဟားမားစ် ပြောက်ကျားတွေရဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသူတွေပါ။ သူတို့ဟာ ချုပ်နှောင်ခံထားရတဲ့ ကာလမှာ သေဆုံးခဲ့ပြီး အဲဒီနောက်ပိုင်း အလောင်းတွေ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
အစ္စရေးနဲ့ ဟားမားစ်တို့ လက်ရှိ ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ ဟားမားစ်ဟာ အသက်ရှင်လျက် ရှိနေတဲ့ ဓားစာခံ အားလုံးကို ပြန်လွှတ်ပေးပြီးပါပြီ။ ဒါ့အပြင် ဓားစာခံ အလောင်း ၂၈ ခုကိုလည်း ပြန်လည် ပေးအပ်ဖို့ ကတိပြုထားပေမယ့်လည်း ၁၅ လောင်းကိုသာ အစ္စရေးဆီ လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ ကျန်တဲ့ အလောင်းတွေက စစ်ပွဲ ကာလအတွင်း အပျက်အစီးတွေအောက်မှာ ပိတ်မိ ပျောက်ဆုံးကုန်ပြီး ပြန်ရှာတွေ့ဖို့ဆိုရင် နည်းပညာနဲ့ ကျွမ်းကျင်မှု အကူအညီတွေ လိုတယ်လို့ ဟားမားစ်တွေက ဝန်ခံထားပါတယ်။
အစ္စရေး အာဏာပိုင်တွေက ဂါဇာမှာရှိတဲ့ အစ္စရေး ထိန်းချုပ်ထားရာ ဇုန်နယ်မြေထဲမှာ အီဂျစ်နဲ့ ICRC အဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေမှုကို ခွင့်ပြုပေးထားကြောင်း အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement
အစ္စရေး မီဒီယာတွေရဲ့ အဆိုအရ အစ္စရေးစစ်တပ် (IDF)ဟာ အဲဒီ ရှာဖွေမှုမှာ ပူးပေါင်းကူညီဖို့အတွက် ဟားမားစ် အဖွဲ့သား တချို့ကိုလည်း ထိန်းချုပ်နယ်မြေထဲ ဝင်ရောက်ခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။ ဟားမားစ်ကလည်း ဓားစာခံ အလောင်းတွေ ရှာဖွေရေးမှာ အီဂျစ်နဲ့ ပူးပေါင်း လုပ်ဆောင်နေတယ်ဆိုတာ ကြေညာထားပါတယ်။ IDFကတော့ ဟားမားစ် အဖွဲ့သားတွေကိုပါ ဝင်ခွင့်ပေးခဲ့တယ်ဆိုတဲ့ သတင်းကို အတည်မပြုပါဘူး။
ဂါဇာ အပစ်ရပ် သဘောတူညီမှုကို ဦးဆောင် ညှိနှိုင်းပေးခဲ့သူ အစ္စရေးရဲ့ မဟာမိတ် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ဟားမားစ်ဟာ အလောင်းတွေ ပြန်ရှာတွေ့ရေးကို မြန်မြန် လက်စသတ်ပေးဖို့ လိုတယ်လို့ ပြောကြားခဲ့ပါတယ်။ ပျက်ကွက်ခဲ့မယ် ဆိုရင်တော့ အခု ငြိမ်းချမ်းရေး သဘောတူညီချက် ဖြစ်မြောက်အောင် ဝိုင်းဝန်းပေးထားတဲ့ နိုင်ငံတွေက ဟားမားစ်အပေါ် အရေးယူရလိမ့်မယ်လို့ သူက သတိပေးခဲ့ပါတယ်။
ဟားမားစ်ကတော့ ဓားစာခံ အလောင်းတွေကို ပြန်ရှာတွေ့ဖို့ အစွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးစားနေကြောင်း တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့ အစ္စရေး ဗုံးဒဏ်ကြောင့် ပြားပြားဝပ် ပြိုလဲကုန်တဲ့ အဆောက်အအုံ အပျက်အစီးတွေအောက်က အလောင်းတွေကို ရှာဖွေဖို့ ဆိုတာက အင်မတန် ခက်ခဲတယ်လို့ ဟားမားစ်တွေက ဆိုပါတယ်။
အစ္စရေး အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ အလောင်းတွေ ဘယ်နေရာမှာ ရှိနေသလဲဆိုတာ ဟားမားစ် အဖွဲ့သားတွေ သေချာပေါက် သိကြတယ်လို့ ပြောကြားခဲ့ပါတယ်။ ဟားမားစ်ဖက်ကသာ အခုထက်ပိုပြီး အားစိုက်ပေးခဲ့မယ်ဆိုရင် အလောင်းတွေ ပြန်သယ်တဲ့ကိစ္စက ပြီးစီးနေလောက်ပြီလို့ သူက ဝေဖန်သွားပါတယ်။
ကိုးကား: BBC


















































