နျူကလီးယား စွမ်းအင်နဲ့ ပျံသန်းတဲ့ ခရုစ်ဒုံးကျည် အမျိုးအစားသစ်ကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်နိုင်ခဲ့ကြောင်း ရုရှားရဲ့ ထိပ်တန်း ဗိုလ်ချုပ် တစ်ဦးက ပြောကြားခဲ့ပါတယ်။
ရုရှားစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂီရာဆီမော့ဗ်က အဲဒီ ဒုံးကျည်ဟာ ထိပါးတားဆီးလို့ မရတဲ့ လက်နက် အမျိုးအစားလို့ ညွှန်းဆိုခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ခရုစ်ဒုံးကျည်ကို ကြားဖြတ် ပစ်ချဖို့ မဖြစ်နိုင်ဘူးလို့ ရည်ညွှန်းတာပါ။

ဂီရာဆီမော့ဗ်က လက်နက် စမ်းသပ်မှုနဲ့ ပတ်သက်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီကို အစီရင်ခံရာမှာတော့ ခရုစ်ဒုံးကျည်ဟာ ကီလိုမီတာ ၁၄၀၀၀ ထိ ခရီးပေါက်အောင် ပျံသန်းခဲ့ကြောင်း၊ ဒါဟာ ဒုံးကျည်က ရောက်ရှိနိုင်တဲ့ အများဆုံး ခရီးအကွာအဝေး မဟုတ်သေးကြောင်း ထည့်သွင်း ပြောကြားသွားပါတယ်။
Burevestnikလို့ နာမည်ပေးထားတဲ့ ဒုံးကျည်ဟာ စမ်းသပ်ဆဲအဆင့် စစ်လက်နက်ဖြစ်ပြီး ၂၀၁၈ မှာ စတင် မိတ်ဆက်ကြေညာခဲ့ပါတယ်။ အဲဒီ ဒုံးကျည်ဟာ ရေဒါနဲ့ ထောက်လှမ်းမှုတွေကို ရှောင်ကွင်းနိုင်ဖို့ ခပ်နိမ့်နိမ့်ကနေ ပျံသန်းလေ့ ရှိတယ်လို့ ဆိုပါတယ်။ ပြီးတော့ ကြားဖြတ် ဟန့်တား ပစ်ချမယ့် လေကြောင်း ကာကွယ်ရေး စနစ်တွေကို ထောက်လှမ်းပြီး တိမ်းရှောင်နိုင်စွမ်း မြင့်မြင့်မားမား ပါဝင်တယ်လို့ ရုရှားက ကြွေးကြော်ထားပါတယ်။

Public Service Announcement
ပူတင်က အဲဒီဒုံးကျည်ကို နောက်ဆုံးအဆင့် စိတ်ကျေနပ်လောက်စရာ လက်တွေ့ စမ်းသပ် ပစ်ခတ်မှုကို ၂၀၂၃ ခုနှစ်တုန်းက ပြုလုပ်ခဲ့ကြောင်း ပြောကြားဖူးပေမယ့် ဒီစကားကို တိတိကျကျ အတည်ပြုနိုင်တဲ့ အထောက်အထား မရှိဘူးလို့ စစ်ရေး သုတေသီတွေက ပြောကြားခဲ့ပါတယ်။ ပြီးတော့ Burevestnik ဒုံးကျည် စမ်းသပ်တီထွင်နေတဲ့ ကာလတလျှောက် ၂၀၁၆ ကစလို့ စမ်းသပ်ပစ်ခတ်မှု အနည်းဆုံး ၁၃ ကြိမ် ပြုလုပ်ခဲ့ရာမှာ ၂ ကြိမ်သာ အကန့်အသတ်နဲ့ အောင်မြင်ပြီး ကျန်တဲ့ အကြိမ်အားလုံး မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး ဂီရာဆီမော့ဗ်ကတော့ အောက်တိုဘာ ၂၁ ရက်နေ့ စမ်းသပ်မှုအတွင်း ဒုံးကျည်ဟာ လေထဲမှာ ၁၅ နာရီကြာ ပျံသန်းခဲ့ပြီး ထောင်လိုက်၊ အလျားလိုက် ရုတ်တရက် လမ်းကြောင်းပြောင်း ကွေ့ပတ်ပျံသန်းပြီး တိမ်းရှောင်မှု ပုံစံတွေကိုပါ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် အဲဒီ ဒုံးကျည်ဟာ ဒုံးခွင်းဒုံးတွေ၊ လေကြောင်းကာကွယ်ရေး စနစ်တွေကို ထိထိရောက်ရောက် ကျော်လွှားနိုင်တဲ့ အစွမ်းမျိုး ပိုင်ဆိုင်တယ်လို့ ပိုင်ပိုင်နိုင်နိုင် ပြောဆိုနိုင်ကြောင်း ဂီရာဆီမော့ဗ်က ပူတင်ဆီ အစီရင်ခံခဲ့ပါတယ်။
နျူကလီးယားစွမ်းအင်နဲ့ ပျံသန်းစေမယ့် ခရုစ်ဒုံးကျည်မျိုး ရုရှားက အမှန်တကယ် အောင်အောင်မြင်မြင် တည်ဆောက်နိုင်မလား ဆိုတာက စစ်ရေး သုတေသီတွေကြားမှာကို အငြင်းပွားစရာတွေ ဖြစ်နေပါတယ်။ ၂၀၂၁ ခုနှစ်တုန်းက အမေရိကန် လေတပ်ရဲ့ အမျိုးသား လေကြောင်းနဲ့ အာကာသ ထောက်လှမ်းရေး စင်တာက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ နျူကလီးယား စွမ်းအင်သုံး ခရုစ်ဒုံးကျည်တွေ ပိုင်ဆိုင်လာမယ်ဆိုရင် ရုရှားဟာ တာဝေး တိုက်ချင်းပစ် ဒုံးကျည် စွမ်းရည်မှာ ထူးကဲပြီး ပြိုင်ဘက်ကင်းတဲ့ အားသာချက်မျိုး ရလာနိုင်တယ်လို့ သတိပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာ လေ့လာရေး အင်စတီကျု (IISS)က အဲဒီနှစ်မှာပဲ သုံးသပ်ချက်တစ်ခု ထုတ်ပြန်ခဲ့ရာမှာ ရုရှားဟာ ဒီလို လက်နက်မျိုး အမှန်တကယ် ထုတ်လုပ်နိုင်ဖို့ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါတယ်။
ကိုးကား: BBC


















































