ပြင်သစ်နိုင်ငံရဲ့ ကမ္ဘာကျော် လုဗ်ပြတိုက်ထဲက နန်းစဉ် ရတနာတွေ ဖောက်ထွင်း ခိုးယူ ခံရမှုနဲ့ ဆက်စပ်ပြီး သံသယရှိသူ ၂ ဦးကို စတင် ဖမ်းဆီးလိုက်ကြောင်း ရဲတွေက ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက်နေ့တုန်းက ပါရီမြို့တော်ရဲ့ အထင်ကရ ပြတိုက်ကြီး တစ်ခုဖြစ်တဲ့ လုဗ်မှာ မနက်ပိုင်း လင်းလင်းရှင်းရှင်း အခြေအနေမှာတင် မျက်နှာဖုံးစွပ် ဖောက်ထွင်းရေးသမားတွေက အလစ်အငိုက် ဝင်ရောက်စီးနင်းပြီး ကာလပေါက်စျေး အနည်းဆုံး ဒေါ်လာ သန်း ၁၀၀ ကျော်လောက် တန်ဖိုးရှိမယ့် နန်းစဉ်ရတနာ ၈ မျိုးကို ခိုးယူ ထွက်ပြေးသွားခဲ့ပါတယ်။
အဲဒီလို ရဲတင်းလှတဲ့ ဖောက်ထွင်းမှုကြီးကို အချိန် ၇ မိနစ်လောက် အတွင်းမှာတင် ပြီးစီးအောင် လုပ်ဆောင်သွားပြီး တကယ့် ပရော်ဖက်ရှင်နယ်အဆင့် ကျွမ်းကျင် ဖောက်ထွင်းဝိဇ္ဇာတွေရဲ့ လက်ချက်မျိုးလို့ စုံထောက်တွေက မှတ်ချက်ပေးခဲ့ပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ ဒီအမှုနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယူဆရသူတွေကို ဖမ်းမိထားပြီလို့ ရဲတွေက ကြေညာခဲ့ပါတယ်။ သံသယ ရှိသူတွေကို အောက်တိုဘာ ၂၅ ရက်နေ့ ညနေပိုင်းက ဖမ်းမိခဲ့တာလို့ ရဲတွေက ဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

Public Service Announcement
သံသယ တရားခံ တစ်ဦးဟာ အယ်လ်ဂျီးရီးယား နိုင်ငံဆီ ထွက်ခွာသွားဖို့ စီစဉ်နေတဲ့ အချိန်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ တခြား အဖွဲ့သားတွေက မာလီနိုင်ငံဆီ တိမ်းရှောင်ဖို့ စီစဉ်နေတယ်လို့ ယူဆရကြောင်း ရဲတွေက ဆိုပါတယ်။ ပြင်သစ် မီဒီယာတွေရဲ့ အဆိုအရ ရဲတွေဟာ အခင်းဖြစ်တဲ့ နေရာမှာ ကျန်ခဲ့တဲ့ လက်အိတ်တွေ၊ ဂျာကင်တွေကနေတဆင့် ဖောက်ထွင်းရေးသမား တစ်ဦးရဲ့ DNA နမူနာတွေကို ရရှိသွားခဲ့တယ်လို့ သိရပါတယ်။
ရဲတွေဟာ ရာဇဝတ်မှုခင်းဆိုင်ရာ သံသယ တရားခံတွေကို ၉၆ နာရီကြာ ဖမ်းဆီးချုပ်နှောင်ပြီး စစ်ဆေးမေးမြန်းခွင့် ရှိပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်မှုက မပွင့်လင်းဘဲ ရှုပ်ထွေးမှုတွေ ရှိနေတဲ့အပေါ် ပါရီ အစိုးရ ရှေ့နေတွေက ဝေဖန်ခဲ့ပြီး အကျိုးဆက် အနေနဲ့ ရာဇဝတ်သားတွေ၊ နန်းစဉ်ရတနာတွေကို ရှာဖွေရာမှာ နှောင့်နှေးမှုတွေ၊ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပြင်သစ် အစိုးရကတော့ လုဗ်ပြတိုက် ဖောက်ထွင်းခံရမှုဟာ နိုင်ငံအတွက် အရှက်ရစရာ၊ သိက္ခာကျစရာ ကိစ္စဖြစ်ခဲ့သလို ဆိုးဆိုးရွားရွား လုံခြုံရေး အစီအမံ ညံ့ဖျင်းမှုကြီးဆိုတာ မြင်သာစေခဲ့ကြောင်း ပြောပါတယ်။ ဖောက်ထွင်းခံရတဲ့ နန်းစဉ် ရတနာတွေထဲမှာ နပိုလီယံ ၃ ဘုရင်ရဲ့ မိဖုရား ယူဂျင်းဒီ မွန်တီဂျိုရဲ့ သရဖူကိုတော့ ဖောက်ထွင်းရေးသမားတွေ ပြုတ်ကျကျန်ခဲ့တဲ့အတွက် ပြန်လည် သိမ်းဆည်းရရှိခဲ့ပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – AP


















































