ဂျမေကာနိုင်ငံ သမိုင်းမှာ ကြုံဖူးသမျှ အပြင်းထန်ဆုံး မုန်တိုင်းအဖြစ် ဝင်ရောက် တိုက်ခတ်ပြီးတဲ့နောက် ဟာရီကိန်း မယ်လစ်ဆာဟာ ကျူးဘားနိုင်ငံဆီ ဆက်လက် ဦးတည် ရွေ့လျားနေပါတယ်။
ကာရေဘီယန် ပင်လယ်ထဲက လူဦးရေ ၂.၈ သန်းလောက် နေထိုင်ရာ ကျွန်းနိုင်ငံလေး ဂျမေကာဟာ အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းတုန်းက နိုင်ငံသမိုင်းမှာ မကြုံစဖူး ပြင်းထန်လှတဲ့ မုန်တိုင်းဒဏ်ကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
အခုနှစ်အတွင်း ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ဖူးသမျှ မုန်တိုင်းအားလုံးထဲမှာ လေတိုက်နှုန်း အပြင်းထန်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဟာရီကိန်း မယ်လစ်ဆာဟာ မွန်တီဂို ပင်လယ်ကွေ့ရဲ့ တောင်ဖက်၊ နယူးဟုပ် မြို့နားကနေ ဖြတ်သန်းပြီး ကုန်းတွင်း ဝင်ရောက်ခဲ့ပါတယ်။ မုန်တိုင်းရဲ့ အားအပြင်းဆုံး အချိန်မှာ လေတိုက်နှုန်းက တစ်နာရီကို ၂၉၅ ကီလိုမီတာထိ ရှိခဲ့တယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။
မုန်တိုင်းဒဏ်ကြောင့် မြို့တော် ကင်စတန် အပါအဝင် ဂျမေကာနိုင်ငံ တနံတလျားမှာ ကြောက်ခမန်းလိလိ လေပြင်းတိုက်ခတ်မှုတွေ၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး နောက်ဆက်တွဲ ရေကြီးမှု၊ မြေပြိုမှုတွေ ကြုံခဲ့ရပါတယ်။ အခုတော့ မယ်လစ်ဆာဟာ ဂျမေကာကျွန်းကို ကျော်ဖြတ်ပြီး အရှေ့မြောက်ဖက်ဆီ ခပ်ဖြည်းဖြည်း ဆက်လက် ရွေ့လျားရင်း ကျူးဘားနိုင်ငံ အရှေ့ဖက်စွန်း ဒေသဆီ ချဉ်းကပ်သွားနေပါတယ်။ မုန်တိုင်းရဲ့ လမ်းကြောင်းဟာ ကျူးဘားရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ ဆန်တီယေဂို ဒီကျူးဘားတဝိုက်ဆီ ဦးတည်နေပါတယ်။

Public Service Announcement
ဂျမေကာ မိုးလေဝသ ဌာနကတော့ မုန်တိုင်းရဲ့ အရှိန်ကြောင့် နောက်ထပ် ရက်ပိုင်းလောက် ကြာတဲ့ထိ ပြင်းထန်ကြမ်းတမ်းတဲ့ ရာသီဥတု အခြေအနေတွေကို ဆက်ပြီး ကြုံရနိုင်တယ်လို့ သတိပေးထားပါတယ်။
ဂျမေကာမှာ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ကနဦး သတင်းတွေအရ မုန်တိုင်းကြောင့် ဂျမေကာမှာ လူ ၃ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မယ်လစ်ဆာဟာ အဲဒီမတိုင်ခင်ကလည်း ဟေတီနဲ့ ဒိုမီနီကန် နိုင်ငံတွေမှာ လူပေါင်း ၆ ဦးကို အသက်ဆုံးရှုံးစေခဲ့ပါတယ်။
တိုင်းတာမှုတွေအရ ကာရေဘီယန် ပင်လယ်မှာ ၂၀၀၅ တုန်းက တိုက်ခတ်ခဲ့တဲ့ ဝီလ်မာနဲ့ ၁၉၈၈ တုန်းက တိုက်ခတ်ခဲ့တဲ့ ဂီးလ်ဘတ်တို့နောက်ပိုင်း မယ်လစ်ဆာဟာ အပြင်းထန်ဆုံး ဟာရီကိန်း အနေနဲ့ မှတ်တမ်းဝင်လာကြောင်း သိရပါတယ်။ မယ်လစ်ဆာ မတိုင်ခင်တုန်းက ဟာရီကိန်း ဂီးလ်ဘတ်ဟာ ဂျမေကာကို တိုက်ရိုက် ကုန်းတွင်းဝင်ရောက်တဲ့ နောက်ဆုံးမုန်တိုင်းလည်း ဖြစ်ခဲ့ဖူးပါတယ်။
ကိုးကား: Reuters






















































