ဘရာဇီး နိုင်ငံက ရီယိုဒီ ဂျနေးရိုးမြို့မှာ ဒုစရိုက်ဂိုဏ်း တစ်ခုကို ရဲတပ်ဖွဲ့က ပစ်မှတ်ထား စီးနင်းမှုအတွင်း လူ ၆၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ရီယိုမြို့ တည်ရှိရာ ရီယိုဒီ ဂျနေးရိုး ပြည်နယ် သမိုင်းမှာတော့ ဒါဟာ ရဲတပ်ဖွဲ့ ပမာဏ အကြီးမားဆုံးနဲ့ လူအသေအပျောက် အများဆုံး စီးနင်းမှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
မြို့ရဲ့ မြောက်ပိုင်း ဆင်ခြေဖုံးတွေဖြစ်တဲ့ အလီမောနဲ့ ပန်ဟာ ခရိုင်တွေရဲ့ လူနေ ရပ်ကွက်တွေထဲ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းကစလို့ လုံခြုံရေး တပ်ဖွဲ့ဝင်အင်အား ၂၅၀၀ လောက် ပါဝင်တဲ့ Operation Containment စစ်ဆင်ရေးကို စတင်ခဲ့တာလို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ကလော်ဒီယို ကက်စ်ထရိုက ပြောကြားခဲ့ပါတယ်။
Red Commandဆိုတဲ့ ဒုစရိုက်ဂိုဏ်းကို ပစ်မှတ်ထားခဲ့တဲ့ စီးနင်းမှုအတွင်း အပြန်အလှန် ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ပြီး ရဲ ၄ ဦး အပါအဝင် ၆၄ ဦးထက်မနည်း အသေအပျောက် ရှိခဲ့တယ်လို့ ကက်စ်ထရိုက ဆိုပါတယ်။ ပြီးတော့ လူပေါင်း ၈၀ လောက်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ရှုပ်ထွေးနေတဲ့ လူနေရပ်ကွက် လမ်းကြိုလမ်းကြားတွေထဲက ဒုစရိုက်သမားတွေ ပုန်းခိုနေတဲ့ နေရာတွေဆီ ရဲကွန်မန်ဒိုတွေ ဝင်ရောက်လာခဲ့ချိန်မှာ Red Command အဖွဲ့သားတွေက လက်နက်ငယ်တွေနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့သလို ကြိုတင် ချထားတဲ့ လုံခြုံရေး အတားအဆီးတွေကို မီးတင်ရှို့ခဲ့ပါတယ်။ နောက်ပြီး ဒရုန်းတွေ အသုံးပြုပြီး ဗုံးတွေပါ ကြဲချခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ရုံးကတော့ ရဲတပ်ဖွဲ့ စီးနင်းမှုအတွင်း လူတွေအများကြီး သေခဲ့တယ်ဆိုတဲ့ အခြေအနေအတွက် တုန်လှုပ်မိကြောင်း ပြောကြားခဲ့ပြီး ထိရောက်မြန်ဆန်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ရီယိုမြို့တော် လေဆိပ်နားမှာ တည်ရှိတဲ့ အဲဒီ ဆင်းရဲသား ရပ်ကွက်တွေဟာ ဘရာဇီးရဲ့ ဩဇာအကြီးဆုံး ဒုစရိုက်ဂိုဏ်းတချို့ရဲ့ ဌာနချုပ် နယ်မြေတွေအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။
ပြည်နယ် ရဲတပ်ဖွဲ့ကတော့ သေဆုံးသူတွေထဲက ၅၀ လောက်ဟာ ဒုစရိုက် ဂိုဏ်းသားတွေလို့ သံသယရှိသူတွေ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ နှစ်ဖက် ပစ်ခတ်မှုတွေအတွင်း အရပ်သားတွေ ကြားညပ်ပြီး ထိခိုက်သေဆုံးတာတွေ ကြုံခဲ့တယ်လို့လည်း ရဲတွေက ထုတ်ပြန်ပါတယ်။
တောင်စောင်းတစ်နေရာမှာ တည်ရှိတဲ့ အဲဒီနေရာမှာ စစ်ဆင်ရေး စတင်ကတည်းက အခြေအနေတွေက စစ်မြေပြင်တစ်ခုလို ပြောင်းလဲသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းထိ အဲဒီနေရာ တဝိုက်မှာ လမ်းတွေကိုလည်း ပိတ်ထားဆဲ ဖြစ်ပါတယ်။
Red Commandဟာ မူလက အဲဒီ ကျူးကျော်ရပ်ကွက် တဝိုက်မှာပဲ အခြေစိုက် လှုပ်ရှားခဲ့ပေမယ့် ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရီယို ပြည်နယ်အနှံ့မှာ မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ တခြား ဒုစရိုက် ကွန်ရက်တွေကို ပိုမို ချဲ့ထွင်လာခဲ့တယ်လို့ သိရပါတယ်။ ရပ်ကွက်တွေထဲ ဝင်ရောက် စီးနင်းတဲ့ စစ်ဆင်ရေးမှာ မူးယစ်ဆေးဝါး ကီလိုဂရမ် ၂၀၀ လောက်ကို သိမ်းဆည်း ရမိခဲ့တယ်လို့လည်း ရဲတွေက ဆိုပါတယ်။
ဘရာဇီးမှာတော့ ဒုစရိုက်ဂိုဏ်းတွေကို ရဲတပ်ဖွဲ့က အကြီးစား စစ်ဆင်ရေးတွေ ဆင်နွှဲပြီး ဖြိုခွင်း တိုက်ခိုက်တာမျိုးက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဘရာဇီးမှာ အဓိက နိုင်ငံတကာ အခမ်းအနားကြီးတွေ ကျင်းပခါနီးဆိုရင် အဲဒီလို စစ်ဆင်ရေးတွေကို တွေ့ရလေ့ ရှိပါတယ်။ နောက်လထဲကျရင် ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ ညီလာခံ COP30ကို ဘရာဇီးနိုင်ငံ မြောက်ပိုင်းက ဘီလမ်မြို့မှာ ကျင်းပဖို့ လျာထားကြောင်းလည်း သိရှိရပါတယ်။
ကိုးကား: BBC




















































