မကြုံစဖူး ကြမ်းတမ်း ပြင်းထန်လှတဲ့ မုန်တိုင်းကြီးကြောင့် ကာရေဘီယန် ပင်လယ်ထဲက ကျွန်းနိုင်ငံတွေမှာ စုစုပေါင်း လူ ၃၀ ကျော် သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေလည်း အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။
အခုနှစ်အတွက် ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ခဲ့သမျှ အပြင်းထန်ဆုံး လေမုန်တိုင်းကြီးဖြစ်တဲ့ ဟာရီကိန်း မယ်လစ်ဆာကြောင့် ဂျမေကာ၊ ဟေတီ၊ ဒိုမီနီကန် နိုင်ငံတွေမှာ လူအသေအပျောက် သတင်းတွေ ကြားခဲ့ရတာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ မုန်တိုင်းဟာ ဘဟားမားစ်နိုင်ငံကို ဖြတ်သန်းပြီး အရှေ့မြောက်ဖက် အတ္တလန္တိတ် သမုဒ္ဒရာဆီ ဆက်လက် ရွေ့လျားနေပါတယ်။
မုန်တိုင်း လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ဗြိတိန်ပိုင်နက် ဘာမြူဒါ ကျွန်းမှာတော့ မုန်တိုင်း အန္တရာယ် အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားရပါတယ်။

Public Service Announcement

မုန်တိုင်းဒဏ် သင့်ခဲ့တဲ့ နိုင်ငံတွေမှာတော့ မကြုံစဖူး ဆိုးရွားတဲ့ အပျက်အစီးတွေ ကြုံခဲ့တယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။ အစောပိုင်းက အသေအပျောက်ကို ၄၀ ကျော်လို့ ကြေညာခဲ့ရာက နောက်တော့ ၃၀ ကျော်အဖြစ် ပြန်လည် လျှော့ချခဲ့တာပါ။
လောလောဆယ်မှာ သေဆုံးသူ ၃၄ ဦးထိ စာရင်းရထားပြီး အများဆုံးက ဟေတီမှာဖြစ်ပြီး ၂၅ ဦး ရှိခဲ့ပါတယ်။ မုန်တိုင်းလမ်းကြောင်းပေါ် တည့်တည့်ကြီး ကျရောက်ခဲ့တဲ့ ဂျမေကာမှာလည်း ၈ ဦး သေဆုံးခဲ့ပါတယ်။
မယ်လစ်ဆာရဲ့ လေတိုက်နှုန်းဟာ အမြင့်ဆုံး အချိန်မှာ တစ်နာရီကို ၂၉၅ ကီလိုမီတာနှုန်းထိ ရောက်ရှိခဲ့ပြီး အခုနှစ် ကမ္ဘာပေါ်မှာ ဖြစ်ပေါ်သမျှ မုန်တိုင်းအားလုံးထဲမှာ လေတိုက်နှုန်း အပြင်းဆုံးအဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ မုန်တိုင်းရဲ့ ရွေ့လျားနှုန်းကတော့ အရမ်းနှေးကွေးပြီး အဲဒီအတွက်လည်း ဖြတ်သန်းတိုက်ခတ်ရာ လမ်းကြောင်းတလျှောက်က ဒေသတွေဟာ မုန်တိုင်းရဲ့ ဖျက်ဆီးအားဒဏ်ကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့မှာတော့ ဂျမေကာ ဝန်ကြီးချုပ် အန်ဒရူး ဟိုးလ်နက်စ်ဟာ မုန်တိုင်းကြောင့် လူအသေအပျောက်တွေ ဖြစ်ပေါ်ခဲ့ရာ စိန့်အဲလိဇဘက်သ်မြို့ကို ကိုယ်တိုင်သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။ အပျက်အစီးတွေကို ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုကို လူမှုကွန်ရက်ပေါ် မျှဝေရင်း ဟိုးလ်နက်စ်က ထိခိုက်မှုဒဏ်က အရမ်းကြီးမား ပြင်းထန်ကြောင်း၊ ဒါပေမဲ့ အစိုးရဟာ ပြန်လည် ထူထောင်ရေးကို အစွမ်းကုန် ဆောင်ရွက်ဖို့ အစီအစဉ်တွေ ရေးဆွဲနေကြောင်း ရေးသားထားခဲ့ပါတယ်။
ဂျမေကာမှာတော့ မုန်တိုင်းကြောင့် သည်းသည်းထန်ထန် ရွာသွန်းတဲ့မိုးတွေကြောင့် မြို့တော် ကင်စတန်က ရပ်ကွက်တွေ အပါအဝင် နေရာအများအပြား ရေမြုပ်ကုန်ပါတယ်။ လေပြင်းတွေကြောင့်လည်း သစ်ပင်တွေ၊ ဓာတ်တိုင်တွေ ကျိုးကုန်၊ ပြိုလဲကုန်ပြီး အိမ်အမိုးတွေလည်း လေထဲမှာ လွင့်ပျံနေခဲ့ပါတယ်။
ဂျမေကာအပြီးမှာ မုန်တိုင်းဝင်ရောက်တာ ခံခဲ့ရတဲ့ ကျူးဘားနဲ့ ဘဟားမားစ်က အခြေအနေတွေကိုတော့ လောလောဆယ် မသိရသေးပါဘူး။ မယ်လစ်ဆာဟာ ကာရေဘီယန် ပင်လယ်ပြင်က နိုင်ငံတွေကို ဆိုးဆိုးရွားရွား မွှေနှောက် ဖျက်ဆီးခဲ့တယ် ဆိုတာကိုတော့ သံသယ မရှိကြောင်း ဟိုးလ်နက်စ်က မှတ်ချက်ပြုသွားခဲ့ပါတယ်။
ကိုးကား: Sky


















































