အမေရိကန် ရေတပ်ရဲ့ ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောကြီးဟာ ကာရေဘီယန် ပင်လယ်ထဲကို ရောက်ရှိလာပြီဖြစ်ပြီး ဗင်နီဇွဲလားမှာတော့ ဒီအခြေအနေအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဗင်နီဇွဲလားအပေါ် တင်းမာတဲ့ သဘောထားတွေ သိသိသာသာ ပြသခဲ့ပါတယ်။ အမေရိကန်ဟာ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် တစ်ဦးလို့ စွပ်စွဲပြီး ဒေါ်လာ သန်း ၅၀ ဆုကြေးထုတ်ထားပါတယ်။ ဒါ့အပြင် အမေရိကန်ဆီ မူးယစ်ဆေးဝါးတွေ မှောင်ခိုတင်ပို့တဲ့ လုပ်ငန်းမှာ ပါဝင်တယ်လို့ စွပ်စွဲပြီး ဒါဇင်နဲ့ချီတဲ့ ဗင်နီဇွဲလား စက်လှေတွေကို အမေရိကန် စစ်တပ်က တိုက်ခိုက် နှစ်မြှုပ်ခဲ့ပါတယ်။
ထရမ့်က ငြင်းပယ်ထားတဲ့တိုင်အောင် ဗင်နီဇွဲလားမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာအောင် အမေရိကန်က လုပ်ဆောင်နေတယ်ဆိုတဲ့ ထင်ကြေးတွေကလည်း ဆက်ပြီး ပျံ့နှံ့နေဆဲပါ။ ဒီတော့ USS Gerald R. Ford လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်တဲ့ အမေရိကန် ရေတပ် မဟာဗျူဟာ တိုက်ခိုက်ရေး ရေယာဉ်အုပ်က ကာရေဘီယန် ပင်လယ်ထဲ ရောက်လာတာဟာ ဗင်နီဇွဲလားမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ ဖြစ်နိုင်ကြောင်း စိုးရိမ်တကြီး ခန့်မှန်းမှုတွေကို ထွက်ပေါ်လာစေပါတယ်။
Fordဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး စစ်သင်္ဘောအဖြစ် သတ်မှတ် ခံထားရပါတယ်။ အမေရိကန် ရေတပ်ရဲ့ တောင်ပိုင်းနယ်မြေ ဦးစီးဌာန ကွပ်ကဲမှုအောက်ကနေ Ford ဦးဆောင်တဲ့ တိုက်ရေယာဉ်အုပ်ဟာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ လက်တင်အမေရိက ဒေသကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ရေတပ်က Fordကို ကာရေဘီယန် ပင်လယ်ပြင်မှာ ဖြန့်ကျက်ထားမယ့်အကြောင်း လွန်ခဲ့တဲ့ ၃ ပတ်ကတည်းက ကြေညာထားပါတယ်။

Public Service Announcement
Fordနဲ့ အခြံအရံ စစ်သင်္ဘောတွေဟာ ကာရေဘီယန်မှာ တရားမဝင်တဲ့၊ ရာဇဝတ်မှုမြောက်တဲ့ လှုပ်ရှားမှုတွေ၊ အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် ကြံဆောင်မှုတွေကို ထောက်လှမ်းမှု၊ စောင့်ကြည့်မှု၊ ကြားဖြတ် ဟန့်တားမှုတွေမှာ ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်နိုင်အောင် အကူအညီ ပေးလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရှောင်ပါနဲလ်က မှတ်ချက်ပေးခဲ့ပါတယ်။
ကာရေဘီယန်ကို Ford ရောက်ရှိလာမှုဟာ ကရာကက်စ်မြို့မှာ ရှိနေတဲ့ ဗင်နီဇွဲလား အစိုးရ အတွက်တော့ ကျိန်းသေပေါက် သောကရောက်စရာ ဖြစ်လိမ့်မယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။ ထရမ့်က ဗင်နီဇွဲလား ပိုင်နက်ထဲထိ စစ်ဆင်ရေးတွေ လုပ်ဆောင်မလားဆိုတဲ့ မေးခွန်းမျိုးကို ဘယ်တော့မှ တိတိကျကျ ပြတ်ပြတ်သားသား ငြင်းလေ့ မရှိပါဘူး။ အရင်ကတည်းကလည်း ဗင်နီဇွဲလား တဝိုက်မှာ အမေရိကန်ရဲ့ F-35 တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေကို ဖြန့်ကျက်ထားတာကြောင့် အစိုးရပြောင်းပစ်ဖို့ ပြင်ဆင်မှုတွေအဖြစ် ထင်ကြေးတွေ အားကောင်းနေတာပါ။
နိုဝင်ဘာ ၂ ရက်နေ့တုန်းက ထရမ့်ဟာ အမေရိကန်နဲ့ ဗင်နီဇွဲလားတို့ ထိပ်တိုက် စစ်ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ ခန့်မှန်းချက်က ချဲ့ကားထားတာပါ ဆိုတာမျိုး ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီ မတိုင်ခင် ရက်ပိုင်းလောက်တုန်းကတော့ ထရမ့်က မာဒူရိုအတွက် လက်ကျန်နေ့တွေ အတော်လေး နည်းနေပြီလို့ ခြိမ်းခြောက်မှုဆန်ဆန် မှတ်ချက်ပေးခဲ့ဖူးပါတယ်။
ဒီအတောအတွင်း စက်တင်ဘာ လဆန်းကစလို့ အမေရိကန် စစ်တပ်ဟာ နိုင်ငံတကာ ရေပိုင်နက်ထဲက ဗင်နီဇွဲလား ရေယာဉ် အစီး ၂၀ ထက် မနည်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး အဲဒီ စစ်ဆင်ရေးတွေအတွင်း အနည်းဆုံး ၇၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကိုးကား: AFP
















































