Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်နဲ့ ရှီကျင့်ဖျင် ဆွေးနွေးပွဲစတင်

ဓာတ်ပုံ - Getty Images

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးမှုကို စတင်နေပြီ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား အတောင့်တင်းဆုံး ပြိုင်ဘက် စူပါပါဝါ နိုင်ငံနှစ်ခုရဲ့ ခေါင်းဆောင်တွေဟာ တောင်ကိုရီးယား နိုင်ငံမှာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (အေပက်) ညီလာခံ တက်ရောက်ရင်း သီးသန့် အစီအစဉ်အဖြစ် တွေ့ဆုံကြတာပါ။

တရုတ်နဲ့ အမေရိကန်တို့ကြား နှစ်ဖက် ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေ တင်းမာနေတာကို ညှိနှိုင်း အဖြေရှာဖို့ ထရမ့်နဲ့ ရှီတို့ဟာ အောက်တိုဘာ ၃၀ ရက်နေ့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဘူဆန်မြို့က တွေ့ဆုံပွဲဟာ ထရမ့်နဲ့ ရှီတို့ရဲ့ ၂၀၁၉ နောက်ပိုင်း ပထမဆုံး လူချင်းတွေ့မှု ဖြစ်လာပါတယ်။ ထရမ့်က သူဟာ ရှီနဲ့ တွေ့ဆုံမှုကနေ ပြတ်သားပြီး အမေရိကန်အတွက် လက်ခံနိုင်မယ့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုတစ်ခု ထွက်ပေါ်လာဖို့ မျှော်လင့်ကြောင်း အစောပိုင်းမှာ ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာလည်း ရှီဟာ တရုတ် အာဏာရ ကွန်မြူနစ် ပါတီ (CCP)ရဲ့ နောက်ထပ် ၁၅ နှစ်အတွက် အနာဂတ် စီမံကိန်း လမ်းပြမြေပုံကို ကိုင်ပြီး အစည်းအဝေး တက်လာတာ ဖြစ်ပါတယ်။ CCPဟာ ၂၀၃၀ ပြည့်နှစ်ထိ လာမယ့် နှစ်ပိုင်းတွေအတွင်း နိုင်ငံရဲ့ စီးပွားရေးနဲ့ မူဝါဒရေးရာ ပြင်ဆင်ပြောင်းလဲမှုတွေကို အလေးပေးပြီး လမ်းပြမြေပုံ ရေးဆွဲထားတာ ဖြစ်ပါတယ်။

ထရမ့်နဲ့ ရှီတို့ရဲ့ တွေ့ဆုံမှုမှာတော့ မြေရှားသတ္တုတွေ ကုန်သွယ်ရောင်းဝယ်ရေး၊ တရုတ်ပိုင် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲကို အမေရိကန်ဆီ လက်လွှဲရောင်းချရေးနဲ့ တခြား ကုန်သွယ်စီးပွားဆိုင်ရာ အကြောင်းအရာတွေကို အဓိက ဦးစားပေး ဆွေးနွေးကြမယ်လို့ ယုံကြည်ရပါတယ်။

သမ္မတ နှစ်ဦးဟာ သတင်းထောက်တွေ ရှေ့မှောက်မှာ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့နောက် တံခါးပိတ် ဆွေးနွေးမယ့် အခန်းဆီ ဝင်ရောက်သွားခဲ့ပါတယ်။ ရှီက ထရမ့်နဲ့ ပြန်တွေ့ရတာ ဝမ်းသာကြောင်း စကားပြန်ကနေတဆင့် ပြောဆိုခဲ့ပြီး ထရမ့်ကလည်း သူတို့ရဲ့ ဆွေးနွေးမှုဟာ အရမ်းအောင်မြင်မယ်ဆိုတာ သံသယ မရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။ သူက ရှီဟာ ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ရင် အရမ်း တိကျ ပြတ်သားတာကြောင့် လွယ်မှာတော့ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

သတင်းထောက်တွေက သူနဲ့ရှီတို့ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူ စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးနိုင်မလားလို့ မေးခဲ့ကြတဲ့အခါ ထရမ့်က ဖြစ်နိုင်ပါတယ်လို့ ပြန်ဖြေသွားခဲ့ပါတယ်။

ကိုးကား: CNA

ဓာတ်ပုံ – Getty Images, AP, EPA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။