Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရှီနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့မှုကို ကျေနပ်ကြောင်း ထရမ့်ပြော၊ မြေရှားသတ္တုကိစ္စ ပြဿနာ မရှိနိုင်တော့ဘူးလို့ဆို

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အံ့ဩကျေနပ်စရာ ဖြစ်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အောက်တိုဘာ – ၃၀ ၊၂၀၂၅

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အံ့ဩကျေနပ်စရာ ဖြစ်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အာရှခရီးစဉ်ရဲ့ နောက်ဆုံးအပိုင်းအဖြစ် တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့က နိုင်ငံတကာ လေဆိပ်ထဲမှာ ရှီနဲ့ ဆွေးနွေးခဲ့တဲ့နောက် ထရမ့်ဟာ အမေရိကန်ကို ချက်ချင်း ပြန်လည် ထွက်ခွာလာခဲ့ပါတယ်။

သူဟာ သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့ အချိန်ကျမှ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ သဘောထား အမြင်တွေကို ပထမဆုံး မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ဖက် အစိုးရတွေကြားမှာ ကောင်းမွန်တဲ့ သဘောတူညီမှု အတော်များများ ရရှိခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။ အမေရိကန်ဆီ ဖန်တနဲလ် မူးယစ်ဆေးဝါးတွေ မှောင်ခို တင်သွင်းမှုကို ထိထိရောက်ရောက် တားဆီးပေးဖို့ ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲပြီး တရုတ်ရဲ့ ဓာတုပစ္စည်းတချို့ တင်သွင်းမှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်း စည်းကြပ်ထားတာကို အမေရိကန်က ၁၀ ရာခိုင်နှုန်းထိ ချက်ချင်း လျှော့ချပေးမယ်လို့ ထရမ့်က ပြောပါတယ်။

နောက်ပြီး တရုတ်ဟာ လတ်တလော ဆိုင်းငံ့ထားတဲ့ အမေရိကန်ထုတ်ကုန် ပဲတွေ ဝယ်ယူမှုကို အမြန်ဆုံး ပြန်စလိမ့်မယ်လို့လည်း ထရမ့်က အရိပ်အမြွက် ဆိုပါတယ်။ အဲဒီဆုံးဖြတ်ချက်ကိုလည်း သူက အသိအမှတ် ပြုပါတယ်လို့ ထရမ့်က ဆက်ပြီး ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံကြားကုန်သွယ်ရေးအားပြိုင်မှုတွေမှာအာရုံအစိုက်ဆုံး အကြောင်း အရာ တစ်ခုဖြစ်တဲ့ မြေရှားသတ္တုတွေ ကိစ္စလည်း ပြေလည်သွားပြီလို့ ထရမ့်က ဆက်ပြောပါတယ်။

ဒါပေမဲ့ အသေးစိတ်ကိုတော့ သူက မှတ်ချက် မပေးခဲ့ပါဘူး။ အစောပိုင်းတုန်းက တရုတ်ဟာ မြေရှားသတ္တုတွေ တင်ပို့မှုကို ကန့်သတ်မယ့်အကြောင်း ကြေညာခဲ့တဲ့အတွက် ထရမ့်က ဒေါသူပုန်ထပြီး တရုတ် ကုန်စည်တွေအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း တိုးကောက်မယ်လို့တောင် ခြိမ်းခြောက်ခဲ့ပါတယ်။

အခုတော့ အမေရိကန်သာ မကဘဲ တစ်ကမ္ဘာလုံးအတွက် မြေရှားသတ္တု ကိစ္စက စိတ်အေးရတော့မှာ ဖြစ်ကြောင်း ထရမ့်က ပြောပါတယ်။ တရုတ်ဆီက ပိတ်ပင်မှုတွေ ထပ်ရှိလာတော့မှာ မဟုတ်ကြောင်းလည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။

ထရမ့်နဲ့ ရှီတို့ဟာ နျူကလီးယားလက်နက် ထိန်းချုပ်ရေး မူဝါဒတွေကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ ယုံကြည်ရပြီး ထရမ့်က အမေရိကန်ဟာ သင့်တော်တဲ့ အချိန်တစ်ခုမှာ နျူကလီးယားလက်နက် စမ်းသပ်မှုတွေ ပြန်လည် စတင်လာနိုင်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ တခြား နျူကလီးယား လက်နက်ပိုင် နိုင်ငံတွေလည်း ဒါမျိုး လုပ်နေတာပဲလို့ သူက ဆိုပါတယ်။

ထရမ့်က သူနဲ့ရှီတို့ကြား ဆွေးနွေးမှုမှာ ထိုင်ဝမ်နဲ့ ပတ်သက်တာတွေ မပါခဲ့ကြောင်း အတည်ပြုပါတယ်။ ဒါပေမဲ့ ယူကရိန်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တရုတ်က အမေရိကန်နဲ့ လက်တွဲ အလုပ်လုပ်ဖို့ သဘောတူခဲ့ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

ဘူဆန်က ဆွေးနွေးပွဲ အပြီးမှာ ထရမ့်လိုပဲ ရှီကလည်း အစည်းအဝေး ခန်းမကနေ ချက်ချင်း ထွက်ခွာသွားခဲ့ပါတယ်။

ထရမ့်က Air Force Oneပေါ်မှာ သတင်းထောက်တွေနဲ့ အမေးအဖြေတွေ လုပ်နေပေမယ့် တရုတ်ဖက်ကတော့ ဆွေးနွေးပွဲ ရလဒ်နဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးဘဲ အသံတိတ်နေဆဲ ဖြစ်ပါတယ်။

ကိုးကား – BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။