နောက်ထပ် ဓားစာခံ ရုပ်အလောင်း ၂ ခုကို အစ္စရေးဆီ ပြန်လည် လွှဲအပ်ပေးခဲ့တယ်လို့ ဟားမားစ် ပြောက်ကျားတွေက ပြောပါတယ်။
ဂါဇာကမ်းမြှောင်ဒေသ အနှံ့မှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အပစ်ရပ် သဘောတူညီမှု လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပြီး နောက်တစ်နေ့မှာ ဟားမားစ်က အခုလို ကြေညာခဲ့တာပါ။ အစ္စရေးက အဲဒီတိုက်ခိုက်မှုတွေဟာ ဟားမားစ်ဖက်က အရင်ရန်စလို့ တုံ့ပြန်ခဲ့တာလို့ စွပ်စွဲပေမယ့် ဟားမားစ်က ငြင်းဆိုခဲ့သလို အမေရိကန် အစိုးရ ဦးဆောင်ပြီး ကြားဝင် စေ့စပ်ပေးထားတဲ့ အပစ်ရပ် သဘောတူညီမှုကို အပြည့်အဝ လေးစားလိုက်နာဆဲလို့ တုံ့ပြန်ထားပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ ဟားမားစ်က နောက်ထပ် ဓားစာခံ အလောင်း ၂ ခုကို အစ္စရေးဆီ လွှဲပေးခဲ့ကြောင်း ကြေညာပြီး အစ္စရေး ဝန်ကြီးချုပ်ရုံးကလည်း အဲဒီကိစ္စကို အတည်ပြုခဲ့ပါတယ်။ ဂါဇာမှာ ကြက်ခြေနီ အဖွဲ့က လက်ခံယူပေးခဲ့တဲ့ အလောင်းတွေကို အစ္စရေးဆီ ပြန်သယ်ပြီး DNA စစ်ဆေး အတည်ပြုမှုတွေ လုပ်ဆောင်မယ်လို့ ဝန်ကြီးချုပ်ရုံးက ကြေညာခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြားဝင် ညှိနှိုင်းပေးထားတဲ့ အပစ်ရပ် သဘောတူညီမှုအရ ဟားမားစ်ဟာ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ အားလုံးကို ပြန်လွှတ်ပေးဖို့၊ ထိန်းသိမ်းထားချိန် အတောအတွင်း သေဆုံးသွားတဲ့ ဓားစာခံ ရုပ်အလောင်းတွေကို လွှဲပြောင်းပေးဖို့ ကတိပြုထားခဲ့ပါတယ်။ ဟားမားစ်ဟာ အစ္စရေး ဓားစာခံ ၂၀ ကို ပြန်လွှတ်ပေးပြီး ရုပ်အလောင်း ၂၈ ခုထဲက အခုနောက်ဆုံး ၂ ခုအပါအဝင် အလောင်း ၁၇ လောင်းကို အစ္စရေးဆီ ပြန်လည် ပေးအပ်ထားပါတယ်။

Public Service Announcement
ဒါပေမဲ့ နောက်ထပ် အလောင်းတွေက အစ္စရေး တိုက်ခိုက်မှုကြောင့် ပြိုကျနေတဲ့ အဆောက်အအုံ အပျက်အစီးတွေ အောက်မှာ ပိတ်မိနေပြီး ရှာတွေ့ဖို့ ခက်ခဲနေကြောင်း ဟားမားစ်က ပြောပါတယ်။ တစ်ဖက်မှာတော့ အစ္စရေးက အပစ်ရပ် သဘောတူညီချက်မှာ ပါတဲ့အတိုင်း အလောင်းတွေ ပြန်ရှာပေးဖို့ ဟားမားစ်ကို တရစပ် ဖိအားပေးနေပါတယ်။
လေ့လာသူတွေကတော့ ဓားစာခံ ရုပ်အလောင်းတွေ ပြန်လွှဲပေးဖို့ ဟားမားစ်ဖက်က နှောင့်နှေးနေရတာဟာ ထရမ့်ရဲ့ ဂါဇာ ငြိမ်းချမ်းရေး အစီအမံကို နောက်တစ်ဆင့်တက်ဖို့ အဓိက အခက်အခဲ ဖြစ်နေတယ်လို့ သုံးသပ်ထားပါတယ်။
အစ္စရေးကတော့ ဟားမားစ်ဟာ လက်ကျန် ဓားစာခံ အလောင်းတွေ လွှဲပြောင်းပေးရေး ကိစ္စမှာ အရမ်း နှေးကွေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဟားမားစ်ကတော့ ဒီကိစ္စကို အစွမ်းကုန် အားထုတ်နေကြောင်း အခိုင်အမာ ပြောပြီး အချိန်ထပ်လိုတယ်လို့ တုံ့ပြန်ထားပါတယ်။
ကိုးကား: Reuters


















































