Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်နှစ်ကို ဒုက္ခသည် ၇၅၀၀ ပဲ လက်ခံဖို့၊ တောင်အာဖရိက လူဖြူတွေကို ဦးစားပေးဖို့ ထရမ့်ညွှန်ကြား

လာမယ့်နှစ်ကစလို့ အမေရိကန်မှာ တစ်နှစ်ကို ဒုက္ခသည် ၇၅၀၀ ပဲ လက်ခံတော့မယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

လာမယ့်နှစ်ကစလို့ အမေရိကန်မှာ တစ်နှစ်ကို ဒုက္ခသည် ၇၅၀၀ ပဲ လက်ခံတော့မယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဒါဟာ အရင် သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်က နှစ်စဉ် နိုင်ငံတကာ ဒုက္ခသည် ၁၂၅၀၀၀ လက်ခံခဲ့တဲ့ အရေအတွက်နဲ့ ယှဉ်ရင် သိသိသာသာ လျှော့ချလိုက်တဲ့ ကိန်းဂဏန်း ဖြစ်လာပါတယ်။ ပြီးတော့ ဒုက္ခသည် လက်ခံမှုတွေမှာ တောင်အာဖရိက နိုင်ငံသား လူဖြူတွေကို အဓိက ဦးစားပေးဖို့လည်း ထရမ့်က ညွှန်ကြားထားပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ လမ်းညွှန်အကြောင်းကြားချက်မှာ အဲဒီ အချက်တွေကို ထည့်သွင်း ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ ဒုက္ခသည် လက်ခံမှု အရေအတွက် အများအပြား လျှော့ချခဲ့တဲ့ အကြောင်းရင်းကိုတော့ အဲဒီ လမ်းညွှန်ချက်ထဲမှာ ဖော်ပြမထားခဲ့ပါဘူး။

ဒါပေမဲ့ အဲဒီ လမ်းညွှန်ချက် အသစ်ဟာ လူသားချင်း စာနာမှုဆိုင်ရာ စိုးရိမ်တဲ့ ရှုထောင့်တွေရော၊ နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွား ကဏ္ဍကိုပါ အခြေခံ စဉ်းစားထားတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ သမ္မတ ဖြစ်လာပြီး မကြာခင်မှာပဲ ဇန်နဝါရီလတုန်းက အမေရိကန်ရဲ့ ဒုက္ခသည် ဝင်ခွင့် အစီအမံ (USRAP)ကို ဆိုင်းငံ့ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒီတော့ ဒုက္ခသည် လက်ခံဖို့ ရွေးချယ်မှုတွေမှာ အမျိုးသား လုံခြုံရေး၊ ပြည်သူ့လုံခြုံရေး ခေါင်းစဉ်တွေ အောက်ကနေ အာဏာပိုင်တွေက ခြယ်လှယ်ခွင့် ပိုပြီး ရရှိလာစေခဲ့ပါတယ်။

အခုသတ်မှတ် အရေအတွက် အသစ်ဟာ အမေရိကန်မှာတော့ နှစ်စဉ် ဒုက္ခသည် လက်ခံမှု အနိမ့်ဆုံး ခွဲတမ်း ဖြစ်လာမှာပါ။ အရင်က အရေအတွက် အနည်းဆုံး စံချိန်ဟောင်းကတော့ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ၂၀၂၀ ပြည့်နှစ်ကဖြစ်ပြီး ဒုက္ခသည် ၁၅၀၀၀ ကိုသာ လက်ခံခဲ့ပါတယ်။

ညွှန်ကြားချက် အသစ်မှာတော့ တောင်အာဖရိကမှာ ရှိနေတဲ့ လူဖြူတွေ အပါအဝင် ဇာတိနိုင်ငံ အသီးသီးမှာ တရားမဝင် ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတွေ ကြုံတွေ့နေသူတွေကို ဦးစားပေးရမယ်လို့ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလတုန်းက ထရမ့်ဟာ အာဖရိကာနာလို့ ခေါ်တဲ့ လူဖြူ တောင်အာဖရိက အနွယ်ဝင်တွေကို တောင်အာဖရိက အစိုးရက ခွဲခြားဆက်ဆံနေပါတယ်လို့ စွပ်စွဲပြီး အမေရိကန်ရဲ့ ထောက်ပံ့မှုတွေကို ရပ်တန့်ခဲ့ပါတယ်။ အာဖရိကာနာတွေ ဆိုတာက အရင် နယ်သာလန်နဲ့ ပြင်သစ် အခြေချသူတွေဆီက ဆင်းသက်လာတဲ့ မျိုးဆက်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ပြီးတော့ ထရမ့်က အာဖရိကာနာတွေကို အမေရိကန်မှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ပြုဖို့လည်း ကမ်းလှမ်းခဲ့ပါတယ်။

အဲဒီတုန်းက ထရမ့်ကို လူမျိုးကြီးဝါဒအတွက် သိမ်းသွင်းလူစုနေတယ်လို့ အမေရိကန် နိုင်ငံဆိုင်ရာ တောင်အာဖရိက သံအမတ်ကြီးက စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။ အကျိုးဆက်အဖြစ် သူလည်း ဝါရှင်တန် ဒီစီကနေ နှင်ထုတ်တာ ခံခဲ့ရပါတယ်။

မေလမှာတော့ အိမ်ဖြူတော်မှာ တောင်အာဖရိက သမ္မတ ဆိုင်ရဲလ် ရာမာဖိုဆာကို လက်ခံတွေ့ဆုံတဲ့အခါ ထရမ့်က တောင်အာဖရိကမှာရှိတဲ့ လူဖြူလယ်သမားတွေက ဖိနှိပ်ခံ၊ ညှင်းဆဲသတ်ဖြတ်ခံနေရတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ အသတ်ခံရတဲ့ လူဖြူ လယ်သမားတွေရဲ့ သင်္ချိုင်းနေရာတွေဆိုတဲ့ ဗီဒီယို တစ်ခုကိုပါ အိမ်ဖြူတော်မှာ ပြသစေခဲ့ပါတယ်။ အချက်အလက် စစ်ဆေးမှုတွေ အရတော့ အဲဒီ ဗီဒီယိုဟာ လတ်တလော ကိစ္စမဟုတ်ဘဲ ၂၀၂၀ ပြည့်နှစ်တုန်းက ဆန္ဒပြပွဲ တစ်ခုနဲ့ ဆက်စပ်နေပြီး သင်္ချိုင်း လက်ဝါးကပ်တိုင်တွေကလည်း အဲဒီမတိုင်ခင် နှစ်အတော်များများမှာ သေဆုံးခဲ့တဲ့ လယ်သမားတွေကို ရည်ညွှန်းထားတာလို့ သိရပါတယ်။

တောင်အာဖရိက အစိုးရကတော့ ပြည်တွင်းမှာ အာဖရိကာနာတွေနဲ့ တခြားလူဖြူတွေကို စနစ်တကျ ပစ်မှတ်ထား ဖိနှိပ် သတ်ဖြတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ