Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းမှာ အမိန့်မနာခံတဲ့ စစ်သားတွေကို ရုရှားစစ်ဦးစီးတွေက သေတဲ့ထိ နှိပ်စက်နေ၊ ဒဏ်ပေးနေတယ်လို့ဆို

ယူကရိန်း စစ်မြေပြင်မှာ တိုက်ပွဲဝင်ဖို့ ငြင်းဆန်တဲ့ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေကို ရုရှား စစ်ဦးစီးတွေ ရည်ရွယ်ချက်ရှိရှိ ညှင်းပန်းနှိပ်စက်တာ၊ သေတွင်းပို့တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - AP

ယူကရိန်း စစ်မြေပြင်မှာ တိုက်ပွဲဝင်ဖို့ ငြင်းဆန်တဲ့ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေကို ရုရှား စစ်ဦးစီးတွေ ရည်ရွယ်ချက်ရှိရှိ ညှင်းပန်းနှိပ်စက်တာ၊ သေတွင်းပို့တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

ရုရှားရဲ့ လွတ်လပ်တဲ့ မီဒီယာ တစ်ခုဖြစ်တဲ့ Verstkaရဲ့ စုံစမ်းဖော်ထုတ်မှုမှာ အဲဒီလို စွပ်စွဲထားတာ ဖြစ်ပါတယ်။ ဒီသတင်းအတွက် Verstkaဟာ လက်ရှိ ရုရှား စစ်မှုထမ်းတွေ၊ သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ ဆွေမျိုးသားချင်းတွေဆီက ထွက်ဆိုချက်တွေ၊ ပေါက်ကြားလာတဲ့ ဗီဒီယို မှတ်တမ်းတွေ၊ တရားဝင် အရေးဆို တိုင်တန်းမှု မှတ်တမ်းမှတ်ရာတွေကို သေသေချာချာ စုစည်းလေ့လာ ကိုးကားထားခဲ့ပါတယ်။

အဲဒီ သတင်းထဲမှာတော့ လက်အောက်ငယ်သားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို နှိပ်စပ်တာ၊ သတ်ဖြတ်တာ၊ သေတွင်းပို့တဲ့ နည်းလမ်းမျိုးနဲ့ အပြစ်ပေးတာတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ရုရှား စစ်မှုထမ်း ၁၀၁ ဦးရဲ့ နာမည်တွေကိုလည်း ဖော်ထုတ်ထားခဲ့ပါတယ်။ ပြီးတော့ အဲဒီပုဂ္ဂိုလ်တွေရဲ့ စနက်ကြောင့် ရုရှားစစ်သား ၁၅၀ လောက် သေဆုံးခဲ့ကြောင်း၊ ဒါပေမဲ့ လက်တွေ့မှာ အဲဒီကိန်းဂဏန်းက ဒီထက် အများကြီး ပိုနိုင်ကြောင်း Verstkaက မှတ်ချက်ပေးထားခဲ့ပါတယ်။

အရင်ကတည်းက ရုရှား စစ်တပ်အရာရှိတွေဟာ လုပ်ပိုင်ခွင့်နဲ့ အာဏာကို အလွဲသုံးစားပြုပြီး စည်းမျဉ်းချိုးဖောက်တာ၊ လက်အောက်ငယ်သားတွေကို အနိုင်ကျင့်တာတွေ ရှိနေကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမဲ့ ရုရှား အစိုးရရဲ့ ကရင်မလင် နန်းတော်က အဲဒီ စွပ်စွဲချက်တွေကို အသည်းအသန် ငြင်းဆိုပြီး ဒီပြဿနာမျိုးတွေဟာ ယူကရိန်း စစ်တပ်ထဲမှာပဲ ကြုံနေရတာပါလို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ Verstkaရဲ့ သတင်းဖော်ပြချက်တွေကတော့ အဲဒီစွပ်စွဲချက်မျိုးနဲ့ ပတ်သက်ရင် အစုံလင်ဆုံး၊ အကျယ်ပြန့်ဆုံး၊ အခိုင်မာဆုံး ဖြစ်လာခဲ့ပါတယ်။ ထွက်ဆိုချက် တချို့မှာတော့ ရုရှားစစ်သားတွေက အမိန့်မနာခံတဲ့ တပ်ဖွဲ့ဝင်တွေကို ပစ်သတ်ဖို့ လက်ဖြောင့် ပါးကွပ်သား တပ်ဖွဲ့ဝင်တွေကို ခိုင်းစေခဲ့ကြောင်း၊ ပြီးတော့ အလောင်းတွေကို မြစ်ထဲစွန့်ပစ်တာ၊ တွင်းခပ်တိမ်တိမ်တူးပြီး မြှုပ်ခိုင်းတာတွေ လုပ်ခဲ့ကြောင်း ပါရှိခဲ့ပါတယ်။

ယူကရိန်း စစ်မြေပြင်မှာ ဒဏ်ရာရထားပြီး ပြန်သယ်ဖို့ ခက်နေတဲ့ ရုရှားစစ်သားတွေကို ဇီဝိန်ချွေဖို့၊ ဒါမှမဟုတ် ပြန်လည် ဆုတ်ခွာ ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင်တွေကို အပျောက်ရှင်းဖို့ တည့်တည့်ချိန်ပြီး ဗုံးကြဲစေတာမျိုးကိုလည်း ဒရုန်း တပ်ဖွဲ့ဝင်တွေကို ရုရှား စစ်အရာရှိ တချို့က အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ တိုက်ပွဲမှာ ကံအကြောင်းမလှဘဲ ကျဆုံးခဲ့တယ် ဆိုတာမျိုး ပုံဖော်ပြီး အထက်ကို အစီရင်ခံလေ့ ရှိပါတယ်။

Verstkaက အမိန့်မနာခံတဲ့ ရုရှားစစ်သားတချို့ဟာ သေတဲ့ထိ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက် ခံခဲ့ရတဲ့ ဖြစ်စဉ်တွေကိုလည်း မှတ်တမ်းတင်ထားခဲ့ပါတယ်။ နှိပ်စက်တဲ့ နည်းလမ်းတွေထဲမှာတော့ သံစူးတွေ၊ အစအနတွေ ပြည့်နေတဲ့ တွင်းတွေထဲ ပစ်ချတာ၊ ငယ်ထိပ်ကို ရေတစ်စက်ချင်းစီ အကြာကြီးချတာ၊ နာရီပေါင်းများစွာ ဒါမှမဟုတ် ရက်တွေနဲ့ချီပြီး ရိုက်နှက်တာတွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ တချို့ ဖြစ်စဉ်တွေမှာတော့ စစ်ဦးစီးတွေ စိတ်အပန်းဖြေဖို့အတွက် အမိန့်မနာခံလို့ အဖမ်းခံထားရတဲ့ စစ်သားနှစ်ယောက်ကို ရှေးခေတ် ဂလေဒီယေတာတွေလို သေတဲ့အထိ အချင်းချင်း တိုက်ခိုက်ခိုင်းတာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်မျိုး တစ်ခုကို ရိုက်ကူးထားတဲ့ ရုပ်သံ ဗီဒီယို မှတ်တမ်းကလည်း ၂၀၂၅ ခုနှစ်၊ မေလတုန်းက ပေါက်ကြား ထွက်ပေါ်ခဲ့ဖူးပါတယ်။

Verstkaဟာ ရုရှားမှာ သတင်းပညာရပ်ဆိုင်ရာ ထူးချွန်ဆုတွေ ရရှိထားတဲ့ လွတ်လပ်တဲ့ မီဒီယာ တစ်ခုဖြစ်ပြီး လောလောဆယ်မှာတော့ အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် ပြည်ပမှာ အခြေစိုက် ရပ်တည်နေပါတယ်။ အဲဒီ သတင်းဌာနကို ရုရှားရဲ့ အထင်ရှားဆုံး စုံစမ်းစစ်ဆေးရေး ဂျာနယ်လစ် တချို့က ထူထောင်ထားတာ ဖြစ်ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ