လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက အရပ်သားတွေကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အလေးအနက် စုံစမ်း ဖော်ထုတ်ပေးသွားမယ်လို ဆူဒန် သူပုန်တပ် ခေါင်းဆောင်က ကတိပြုခဲ့ပါတယ်။
ဆူဒန်ဟာ အာဏာသိမ်း စစ်တပ်နဲ့ အင်အားကြီးမားတဲ့ အရန်တပ်ဖွဲ့ (RSF)တို့ကြား ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ နိုင်ငံပါ။ အရင်ကတော့ စစ်တပ်နဲ့ RSFတို့က မဟာမိတ်တွေ ဖြစ်ခဲ့ပေမယ့်လည်း နောက်တော့ သဘောထား ကွဲလွဲကုန်ပြီး RSFက ပုန်ကန်ခဲ့တာ ဖြစ်ပါတယ်။
RSFဟာ လတွေနဲ့ချီကြာအောင် ဝန်းရံ ပိတ်ဆို့ထားတဲ့ အယ်လ်ဖာရှာမြို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သိမ်းပိုက်ခဲ့ပြီး အဲဒီနောက် အရပ်သားတွေကို တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲ ခံနေရပါတယ်။ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့နောက် RSFရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး မာမွတ် ဟာမာဒန် ဒါဂါလိုက အဲဒီ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။
RSFဟာ ဒါဖာပြည်နယ်ထဲမှာရှိတဲ့ အယ်လ်ဖာရှာမြို့ကို အောက်တိုဘာ ၂၆ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မြို့ထဲမှာ RSF တပ်သားတွေက အရပ်သားတွေကို အစုလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နေကြောင်း သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေပြီး ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကပါ ဒီကိစ္စအပေါ် အရေးတယူ ကန့်ကွက်လာခဲ့ရပါတယ်။

Public Service Announcement
RSFက အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆိုလို့ မရတဲ့နောက် တရားလက်မဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ တပ်ဖွဲ့ဝင် တစ်ဦးကို ဖမ်းဆီးခဲ့တယ်ဆိုတဲ့ ဗီဒီယိုမှတ်တမ်း တစ်ခုကို ထုတ်ပြခဲ့ပါတယ်။ အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို တစ်ခုမှာတော့ အဘူလူလူဆိုတဲ့ အမျိုးသားဟာ အယ်လ်ဖာရှာ မြို့နားမှာ လက်နက်မဲ့ လူစုကို ပစ်သတ်နေခဲ့တာ တွေ့ရပါတယ်။
RSFကတော့ အခုအခါ အဘူလူလူကို ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ကြေညာခဲ့ပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ထိပ်တန်း အရာရှိ တွမ်ဖလက်ချာက RSFဟာ ထိန်းချုပ်နယ်မြေတွေထဲက အရပ်သားတွေကို ကာကွယ်ဖို့ အပြည့်အဝ တာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
မြို့ကို သိမ်းပြီးတဲ့နောက် RSF တပ်ဖွဲ့ဝင်တွေဟာ ဆေးရုံတစ်ခုထဲ ဝင်ရောက်ပြီး လူ ၄၀၀ လောက်ကို ပစ်သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ RSFက ငြင်းဆိုထားပါတယ်။ RSF ခေါင်းဆောင် ဒါဂါလိုကတော့ သူ့ရဲ့ လက်အောက်ခံ တပ်တွေထဲမှာ အယ်လ်ဖာရှာ ဒေသခံ ပြည်သူတွေအပေါ် အကြမ်းဖက် ရန်လိုသူတွေ ရှိခဲ့တယ် ဆိုတာကို ဝန်ခံခဲ့ပြီး ဒီကိစ္စအတွက် စိုးရိမ်ကြောင်း၊ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေး အရေးယူသွားမှာဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။
အခုအခါ ဒါဂါလို ကိုယ်တိုင်လည်း အယ်ဖ်ဖာရှာ မြို့ထဲကို ရောက်ရှိနေပါတယ်။ သူက စည်းကမ်းမဲ့ တပ်ဖွဲ့ဝင် တချို့ကြောင့် နစ်နာခဲ့ရတဲ့ ပြည်သူတွေကို တောင်းပန်ပြီး တရားမျှတမှု ရှာဖွေပေးဖို့ အာမခံကြောင်း ပြောပါတယ်။
ဒါပေမဲ့ လေ့လာ စောင့်ကြည့်သူတွေကတော့ RSF အကြီးအကဲဟာ ၂၀၂၃ ခုနှစ်က အယ်လ်ဂီနီရာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက် သတ်ဖြတ်မှု၊ ဂီဇီရာ ဒေသကို ထိန်းချုပ်ထားချိန်မှာ ပြည်သူတွေအပေါ် နိုင်ထက်စီးနင်း ပြုမှုတွေနဲ့ ပတ်သက်ပြီး အလားတူ စုံစမ်းပေးပါ့မယ်လို့ ကတိပြုခဲ့ပေမယ့် လက်တွေ့မှာတော့ ဘာမှ အထမမြောက်ခဲ့ကြောင်း ဝေဖန် ထောက်ပြခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကတော့ အယ်လ်ဖာရှာမြို့မှာ တစိတ်တပိုင်းသာ လည်ပတ်နေတဲ့ ဆေးရုံထဲမှာ ပစ်သတ်ခံရလို့ လူနာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာစောင့်တွေ အပါအဝင် လူပေါင်း ၄၆၀ ကျော် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေအတွက် အထူးစိုးရိမ် တုန်လှုပ်မိကြောင်း ပြောပါတယ်။ RSFကတော့ စစ်ပွဲကြောင့် ဆေးရုံမှာရှိတဲ့ လူတွေ အားလုံး ထွက်ပြေးကုန်ပြီး မြို့ကို ထိန်းချုပ်လိုက်ချိန် ဆေးရုံထဲမှာ အရပ်သားတွေ ရှိမနေဘူးလို့ ငြင်းဆိုထားပါတယ်။
ဒါပေမဲ့ ဗြိတိန်အခြေစိုက် ဆူဒန် ဆရာဝန်များ ကွန်ရက်ရဲ့ ဒေါက်တာ မိုဟာမက် ဖိုင်ဆဲလ်ကတော့ မြေပြင်မှာ ရှိနေခဲ့တဲ့ သူ့အဖွဲ့သားတွေရဲ့ ဆက်သွယ် အသိပေးချက်အရ အယ်လ်ဖာရှာမြို့ထဲမှာ ဆော်ဒီအာရေးဘီးယားက ဖွင့်လှစ်ပေးထားတဲ့ ဆေးရုံမှာ ရက်စက်ကြမ်းတမ်းတဲ့ လူသတ်ပွဲကြီး ဖြစ်ပွားခဲ့တယ်ဆိုတာ အတည်ပြုနိုင်ကြောင်း စွပ်စွဲပြောကြားထားပါတယ်။
ကိုးကား: BBC


















































