Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တန်ဇန်းနီးယားမှာ ရွေးကောက်ပွဲကို ဆန္ဒပြသူတွေ အင်အားသုံး ဖြိုခွင်းခံရပြီး ရာနဲ့ချီ သေဆုံး

ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ ဆန္ဒပြပွဲတွေမှာ အင်အားသုံး ဖြိုခွင်းတာ ခံရပြီး လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ တန်ဇန်းနီးယား အတိုက်အခံ ပါတီတွေက ပြောပါတယ်။

ဓာတ်ပုံ - Reuters

ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ ဆန္ဒပြပွဲတွေမှာ အင်အားသုံး ဖြိုခွင်းတာ ခံရပြီး လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ တန်ဇန်းနီးယား အတိုက်အခံ ပါတီတွေက ပြောပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကစလို့ ၃ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း အာဏာပိုင်တွေရဲ့ အလွန်အကျွံ အင်အားသုံး နှိမ်နင်းမှုတွေကြောင့် လူ ၇၀၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ အတိုက်အခံ ချာဒီမာ ပါတီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက မှတ်ချက်ပေးခဲ့ပါတယ်။

တန်ဇန်းနီးယားမှာရှိတဲ့ နိုင်ငံတကာ သံတမန်ရေးရာ သတင်းရင်းမြစ် တစ်ဦးကလည်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခတွေအတွင်း ဆန္ဒပြသူ အနည်းဆုံး ၅၀၀ လောက် သေဆုံးခဲ့တယ်ဆိုတဲ့ ယုံကြည်ရတဲ့ အထောက်အထားတွေ ရှိနေကြောင်း ပြောပါတယ်။

တန်ဇန်းနီးယား အစိုးရကတော့ ပြည်တွင်းမှာ အဲဒီလောက် အကြမ်းပတမ်းတွေ ဖြစ်မနေပါဘူးလို့ လျှော့လျှော့ပေါ့ပေါ့ ကြေညာထားပါတယ်။ ပြီးတော့ ဆူပူမှုတွေကို လျော့ကျစေဖို့ ညမထွက်ရ အမိန့် ထုတ်ပြန်ထားတယ်လို့လည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြမှုတွေကို အဓိက ဦးဆောင်သူတွေက လူငယ်တွေ ဖြစ်ပါတယ်။ သူတို့က အစိုးရ ချုပ်ကိုင်ထားတဲ့ ရွေးကောက်ပွဲဟာ မျှတမှု မရှိဘူးလို့ စွပ်စွဲပြီး နိုင်ငံအနှံ့က မြို့တွေမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စတင်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရဟာ ရွေးကောက်ပွဲ မတိုင်ခင် ကတည်းက အဓိက ပြိုင်ဘက် အတိုက်အခံ ခေါင်းဆောင် တစ်ဦးကို ထောင်ချပြီး နောက်တစ်ယောက်ကို စွပ်စွဲချက် အမျိုးမျိုးသုံးပြီး ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ထားခဲ့ပါတယ်။ ဒါဟာ သမ္မတ ဆာမီယာ ဆူလူဟူ ဟာဆန် အသာစီးရဖို့ မရိုးမသား ကြံစည်တာဖြစ်ပြီး အစိုးရဟာ နိုင်ငံရဲ့ ဒီမိုကရေစီကို ဖိနှိပ် အမြတ်ထုတ်နေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အစိုးရ ဩဇာခံ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နှိပ်ကွပ်နေပေမယ့် ဆန္ဒပြပွဲတွေဟာ အောက်တိုဘာ ၃၁ ရက်နေ့ထိ ဆက်လက် ဖြစ်ပွားနေဆဲလို့ မျက်မြင်တွေက ပြောပါတယ်။ စစ်တပ် အကြီးအကဲက ဆူပူမှုတွေ ရပ်တန့်ကြဖို့ သတိပေးထားပေမယ့်လည်း ဆန္ဒပြသူတွေက အဲဒီ တားမြစ်ချက်ကို ဖီဆန်နေကြဆဲပါ။

တန်ဇန်းနီးယား နိုင်ငံခြားရေးဝန်ကြီး မာမွတ် ကွမ်ဘို သာဘစ်ကတော့ ပြည်တွင်းက ဆန္ဒပြပွဲတွေမှာ သွေးထွက်သံယို ဖြစ်စဉ်တွေ ရှိနေတယ် ဆိုတာက မပြောပလောက်တဲ့ အနည်းအကျဉ်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ဖြစ်ပေါ်လာသမျှ အခြေအနေတွေအတွက် မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် တုံ့ပြန်နေကြတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

ဆန္ဒပြတယ်လို့ နာမည်ခံပြီး ဆူပူနေသူတွေက ပြည်သူ့အိုးအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးနေကြောင်း သတင်းပေးပို့မှုတွေလည်း ရရှိထားတယ်လို့ သူက ဆိုပါတယ်။ နိုင်ငံရဲ့ အဓိက ဆိပ်ကမ်းမြို့ကြီး တစ်ခုဖြစ်တဲ့ ဒါအက်စ်ဆာလမ်ရဲ့ ဆေးရုံမှာတော့ အောက်တိုဘာ ၃၀ ရက်နေ့ကစလို့ ဒဏ်ရာရထားသူ အများအပြားနဲ့ ရုပ်အလောင်းတွေ ရောက်ရှိလာပြီး ကျန်းမာရေး ဝန်ထမ်းတွေပါ မနိုင်မနင်း ဖြစ်နေတယ်လို့ သိရပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြ ခေါင်းဆောင်တွေကို နေအိမ်တွေထိ လိုက်လံ ရှာဖွေ ဖမ်းဆီးနေကြောင်း၊ တချို့လည်း အခြေအနေအရ ပြည်ပကို ထွက်ပြေးနေရကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ နာမည်ခံ လက်နက်ကိုင်တွေဟာ လွန်ကဲတဲ့ သတ်ဖြတ်မှုတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်မျိုး ချမှတ်ခံရခြင်း မရှိဘဲ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း သံတမန်ရေး အရာရှိ တစ်ယောက်က ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲ နောက်ဆက်တွဲမှာ ပြည်သူတွေ၊ ဂျာနယ်လစ်တွေ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေကို ပစ်မှတ်ထားတဲ့ ဖိနှိပ်မှု၊ ဖမ်းဆီးမှု၊ ညှင်းဆဲမှု၊ သတ်ဖြတ်မှုတွေ မြင့်တက်လာမှာကို စိုးရိမ်ရတယ်လို့လည်း သူက ဆိုပါတယ်။

ကုလသမဂ္ဂကတော့ တန်ဇန်းနီးယား လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ မလိုအပ်ဘဲ အင်အားသုံးတာမျိုးကို အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ တိုက်တွန်းထားကြောင်း သိရှိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ