မက္ကဆီကို နိုင်ငံမှာ မြို့တော်ဝန် တစ်ဦး လုပ်ကြံသတ်ဖြတ် ခံခဲ့ရတာနဲ့ ပတ်သက်လို့ ပြည်သူတွေကြား မကျေနပ်မှုတွေ မြင့်တက်နေပါတယ်။
အူရူရာပန် မြို့တော်ဝန် ကားလို့စ် အယ်လ်ဘာတို မန်ဇို ရိုဒရီဂတ်ဇ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သူ့မြို့ရဲ့ မရဏနေ့ အခမ်းအနား အစီအစဉ်တွေ အတောအတွင်း ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ မက္ကဆီကို ရိုးရာဓလေ့အရ ကျင်းပလေ့ရှိတဲ့ အဲဒီနေ့ဟာ ဟောလိုဝင်းနေ့နဲ့ သဘောတရားချင်း ဆင်တူပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့ ညပိုင်းက သူဟာ ဖယောင်းတိုင် မီးထွန်းပွဲ တစ်ခုမှာ ပါဝင်နေရင်း သေနတ်သမား တစ်ယောက်က သေနတ်နဲ့ ၇ ချက် ပစ်ခတ်တာကို ခံခဲ့ရပါတယ်။ မြို့တော်ဝန်အဖြစ် သူတာဝန်ယူနေတဲ့ အူရူရာပန်မြို့ တည်ရှိရာ မီချိကန် ပြည်နယ်ဟာ မက္ကဆီကို အနောက်ပိုင်းက မူးယစ်မှောင်ခို ဂိုဏ်းတွေ ဩဇာလွှမ်းမိုးရာ နယ်မြေတစ်ခုပါ။ အခုလုပ်ကြံမှုကိုလည်း မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်း တစ်ခုခုက ကျူးလွန်တယ်လို့ ယုံကြည်ရပါတယ်။
လွန်ခဲ့တဲ့ တစ်လလောက်တုန်းက မန်ဇိုဟာ ကောင်းဘွိုင် ဦးထုပ်ကိုဆောင်းပြီး မီချိုကန် နယ်ခံတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ မူးယစ်မှောင်ခို ဂိုဏ်းတွေကို ဖက်ဒရယ် အစိုးရက ထိထိရောက်ရောက် မနှိမ်နင်းရင် ဒေသခံတွေကိုယ်တိုင် လက်နက်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်သင့်ပြီလို့ ပြောခဲ့ဖူးပါတယ်။ အဲဒီ ရာဇဝတ်ဂိုဏ်းတွေဟာ လူသတ်မှုတွေ၊ ငွေညှစ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေပေမယ့် ဖက်ဒရယ် အစိုးရက ကိုင်တွယ် တားဆီးနိုင်စွမ်း မရှိဘူးလို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

Public Service Announcement
အရင်က ရာဇဝတ်သားတွေကို လူထုက ဝိုင်းဖမ်းပြီး ချုပ်နှောင်ခဲ့၊ အာဏာပိုင်တွေ လက်ထဲ အပ်ခဲ့ပေမယ့် သူတို့က လွယ်လွယ်ကူကူ ပြန်လွတ်လာပြီး မကောင်းမှုတွေ ဆက်ကျူးလွန်နေခဲ့ကြတယ်လို့ သူက ပြောခဲ့ပါတယ်။
မန်ဇို လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ လူထုကြားမှာ ဝေဖန်မှုတွေ မြင့်တက်လာပြီး ဘာကြောင့် အဲဒီလောက် လုံခြုံရေးစည်း ခပ်လွယ်လွယ် ကျိုးပေါက်ခဲ့သလဲ ဆိုတာကိုလည်း မေးခွန်းထုတ်နေကြပါတယ်။ ရဲတွေကတော့ လုပ်ကြံမှုကို ပူးပေါင်းကြံစည် ကျူးလွန်သူတွေထဲက သေနတ်သမားကို ပစ်သတ်ခဲ့ပြီး သံသယရှိသူ ၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြောကြားထားပါတယ်။
အသက် ၄၀ အရွယ် မန်ဇို လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ လူထုရဲ့ မကျေမနပ် အုံကြွမှုတွေဟာ နိုဝင်ဘာ ၂ ရက်နေ့မှာတော့ ဆန္ဒပြပွဲတွေအဖြစ် ပြောင်းလဲသွားပြီး အူရူရာပန်နဲ့ ဒေသတွင်းက မြို့တချို့မှာ လူစုလူဝေးနဲ့ ချီတက်ပြီး ဒုစရိုက် ဂိုဏ်းတွေကို ဖိဖိစီးစီး နှိမ်နင်းပေးဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ တချို့နေရာတွေမှာတော့ ဒေသထွက်နေတဲ့ လူစုလူဝေးက အစိုးရ အဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပါတယ်။
ကာကွယ်ရေး ဝန်ကြီး ရီကာဒို ထရီဗီလာ ထရီဂျိုက ပွဲတော်ကာလအတွင်း အူရူရာပန်မှာ မက္ကဆီကိုရဲ့ ပြည်နယ် အစောင့်တပ်တွေကို လုံခြုံရေး ဖြန့်ကျက်ထားပေမယ့် လုပ်ကြံသူတွေက လှည့်စား ကျော်ဖြတ်သွားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ သူက ပြည်နယ် အစောင့်တပ်ရဲ့ လုံခြုံရေး ကြပ်မတ်မှုတွေက အရမ်း လျော့တိလျော့ရဲ ဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။
ရဲတွေက ပစ်သတ်ခဲ့တယ်ဆိုတဲ့ သေနတ်သမားဟာ ဘယ်သူဘယ်ဝါဆိုတာ အခုထိ မသိရသေးပါဘူး။ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ သူဟာ လုပ်ကြံမှု မတိုင်ခင် အူရူရာပန်က ဟိုတယ်တစ်လုံးမှာ ငှားရမ်းနေထိုင်ခဲ့ပြီး အနီးတဝိုက်ကို လှည့်လည်သွားလာ စောင့်ကြည့်မှတ်သားထားဟန် ရှိတယ်လို့ ယုံကြည်ရပါတယ်။
လုပ်ကြံမှုနဲ့ ပတ်သက်လို့ လောလောဆယ် ပြည်နယ် အစိုးရက တာဝန်ကို ကိုင်တွယ် စစ်ဆေးနေပေမယ့် ဖက်ဒရယ် အစိုးရဖက်ကလည်း အကူအညီ တောင်းခံလာရင် ပူးပေါင်းပေးဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။
ကိုးကား: Border Report



















































