Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖလော်ရီဒါမှာ ရဲလိုက်ဖမ်းတာကို မောင်းပြေးတဲ့ ပြိုင်ကားက လူအုပ်ကို ဝင်တိုက်ပြီး ၄ ဦးသေ

လမ်းပေါ်မှာ ပြိုင်မောင်းကြတဲ့ ကားတွေထဲက တစ်စီးက ဘားတစ်ခုကို ဝင်တိုက်မိလို့ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ - Tampa Bay Times

လမ်းပေါ်မှာ ပြိုင်မောင်းကြတဲ့ ကားတွေထဲက တစ်စီးက ဘားတစ်ခုကို ဝင်တိုက်မိလို့ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

ဖလော်ရီဒါရဲ့ တမ်ပါဘေး ဧရိယာ ရဲတပ်ဖွဲ့က အဆင်ခြင်မဲ့ မောင်းနှင်တဲ့ ယာဉ်မောင်းကို ရဲတွေကို လိုက်လံ တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ကားကလည်း လမ်းဘေးမှာရှိတဲ့ အရက်ဘား တစ်ခုထဲ ဝင်တိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၈ ရက် မနက်အစောပိုင်းက ဖြစ်စဉ်မှာ အရှိန်နဲ့ မောင်းဝင်သွားတဲ့ ပြိုင်ကားကြောင့် အရက်ဘားရှေ့မှာ ရှိနေသူ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ နောက်ထပ် တစ်ယောက်ကတော့ ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရသူ ၁၃ ဦး ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အသက် ၂၂ နှစ်အရွယ် ယာဉ်မောင်းကိုတော့ အခင်းဖြစ်ရာ နေရာမှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်။ သူဟာ ညပိုင်းအချိန် လမ်းမတွေပေါ်မှာ တရားမဝင် ပြုလုပ်တဲ့ ကားပြိုင်ပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အဝေးပြေးလမ်း ရဲတပ်ဖွဲ့က ထောက်လှမ်း ခြေရာခံမိသွားခဲ့ပါတယ်။ ဒါကြောင့် ရဲကားတွေက သူ့ကို အပူတပြင်း လိုက်ဖမ်းခဲ့ပြီး နောက်ဆုံးတော့ ဘားကို ဝင်တိုက်တဲ့ အခြေအနေထိ ဖြစ်သွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဝေးပြေးလမ်း ရဲတပ်ဖွဲ့က PIT maneuverလို့ခေါ်တဲ့ နည်းစနစ်ကို အသုံးပြုပြီး အဲဒီကားကို တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။ နည်းစနစ်ရဲ့ သဘောကတော့ ထွက်ပြေးနေတဲ့ ကားတစ်စီးကို လမ်းဘေးတွေဖက် ရုတ်တရက် ရောက်သွားပြီး ရပ်တန့်စေဖို့ ဖိအားပေးခြင်း ဖြစ်ပါတယ်။ ဒီနည်းစနစ်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေလည်း အများကြီး ရှိနေပါတယ်။ ဒီနည်းကို သုံးရင်း လမ်းသွားလမ်းလာတွေ ထိခိုက် သေဆုံးခဲ့ကြတဲ့ ဖြစ်ရပ်တွေလည်း ကြုံခဲ့ဖူးတာကြောင့်ပါ။

၂၀၂၃ ခုနှစ်မှာတော့ ဖက်ဒရယ် အစိုးရဟာ ပြည်နယ် အစိုးရ ရဲတပ်ဖွဲ့တွေ အနေနဲ့ အဲဒီ နည်းစနစ်အစား ပိုပြီး ဘေးထွက်ဆိုးကျိုး နည်းပါးနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။

အခုဖြစ်စဉ်မှာတော့ ဖိအားပေး တားဆီးမှုဟာ မအောင်မြင်ခဲ့ကြောင်း၊ ဒါကြောင့် ရဲတွေက ပြိုင်ကားကို လိုက်ဖမ်းနေမှုကနေ လက်လျှော့လိုက်ကြောင်း၊ ဒါပေမဲ့ ကားကတော့ အရှိန်မထိန်းနိုင်ဘဲ ဘားကို ဝင်တိုက်မိခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဘားရှေ့က ပလက်ဖောင်းပေါ်မှာ လူတွေ ဒါဇင်နဲ့ချီ စုဝေးနေခဲ့ကြတယ်လို့ သိရပါတယ်။ ဖမ်းမိထားတဲ့ ယာဉ်မောင်းရဲ့ နာမည်ကို ဘရက်ဒ်လေလို့ပဲ ဖော်ပြထားပြီး မျိုးရိုးနာမည်ကိုတော့ မထုတ်ပြန်ပါဘူး။ ဘရက်ဒ်လေ ဝင်တိုက်မိခဲ့တဲ့ ဘားဟာ LGBTQ အသိုက်အဝန်းကြားမှာ လူသိများတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ယာဉ်မောင်းဟာ မုန်းတီးမှု အစွဲတစ်ခုခုကို အခြေခံပြီး ဘားကို ဝင်တိုက်ခဲ့တယ်ဆိုတဲ့ ဘာအထောက်အထားမှတော့ မရှိဘူးလို့ ရဲတွေက ဆိုပါတယ်။

တမ်ပါဘေး ရဲတပ်ဖွဲ့ အကြီးအကဲ လီဘာကော်က ဖြစ်သွားတဲ့ ကိစ္စဟာ လက်ခံဖို့ ခက်ခဲလွန်းတဲ့ ကြေကွဲစရာ အခြေအနေ တစ်ခုလို့ ပြောကြားခဲ့ပြီး ထိခိုက်သေဆုံးခဲ့သူတွေ၊ မိသားစုဝင်တွေနဲ့ထပ်တူ နာကျင်ခံစားရကြောင်း ပြောပါတယ်။ အဆင်ခြင်မဲ့ မောင်းနှင်မှုတွေဟာ လူ့အသက်တွေကို အမြဲတမ်း ခြိမ်းခြောက်နေကြောင်း၊ ရဲတပ်ဖွဲ့ အနေနဲ့ ထိခိုက်သေဆုံးသူတွေအတွက် တရားမျှတမှုကို ရှာဖွေပေးဖို့ ကြိုးစားနေကြောင်းလည်း ဖလော်ရီဒါ အဝေးပြေးလမ်း ရဲတပ်ဖွဲ့က လူမှုကွန်ရက် မီဒီယာ Xမှာ ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ထဲက ယာဉ်အသွားအလာ ရှုပ်ထွေးတဲ့ အဓိက အဝေးပြေး လမ်းမကြီး တစ်ခုနားကို လေယာဉ်ငယ်တစ်စီး ပျက်ကျပြီး ၃ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းက ဖလော်ရီဒါပြည်နယ် ကမ်းရိုးတန်းကို ဟာရီကိန်းမုန်တိုင်း မီလ်တန် ဝင်ရောက်တိုက်ခတ်ခဲ့တဲ့နောက် ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့သလို လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အခုတော့ ဦးခေါင်းခွံရဲ့ ဇစ်မြစ်ကို ထောက်လှမ်း ရှာဖွေဖို့အတွက် ဖလော်ရီဒါရဲ့ လီကောင်တီခရိုင် ရဲတပ်ဖွဲ့က အမှုဖွင့်ပြီး စုံစမ်း စစ်ဆေးမှုတွေ စတင်နေပါပြီ။ အခုကိစ္စဟာ မှုခင်းဖြစ်စဉ်တွေနဲ့ ရှုပ်ထွေး ဆက်စပ်လာနိုင်တယ်လို့လည်း ရဲတွေက သံသယ ရှိနေပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ တေလန်ရဲ့ ဖခင်ဖြစ်သူ သောမတ်စ် မော့စ်လေကို လူသတ်မှု နှစ်ခုအတွက် ရဲတွေက စွဲချက်တင် ဖမ်းဆီးပြီး စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။