Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ကို သူကတော့ မကြောက်ဘူးလို့ ဇီလန်စကီးပြော

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို သူက မကြောက်ပါဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို သူက မကြောက်ပါဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဗြိတိန် သတင်းဌာန Guardian သတင်းစာနဲ့ အင်တာဗျူးမှာတော့ ဇီလန်စကီးက သူနဲ့ ထရမ့်ကြားက ဆက်ဆံရေး အခြေအနေအပေါ် ပိုပြီး အတွင်းကျကျ မှတ်ချက်ပေးခဲ့ပါတယ်။ သူနဲ့ ထရမ့်တို့ ပြီးခဲ့တဲ့လက ဝါရှင်တန်ဒီစီ မြို့တော်မှာ နောက်ဆုံး တွေ့ဆုံခဲ့ကြတုန်းက အခြေအနေတွေဟာ ထိလွယ်ရှလွယ် ဖြစ်ခဲ့တယ် ဆိုတာကိုလည်း ဇီလန်စကီးက ငြင်းဆိုခဲ့ပါတယ်။

အောက်တိုဘာလတုန်းက ဆွေးနွေးခဲ့ချိန်မှာ ထရမ့်ဟာ ရုရှား-ယူကရိန်း စစ်မြေပြင် မြေပုံကားချပ်တွေကို ပစ်ပေးခဲ့သလို သူနဲ့လည်း စကားအခြေအတင်တွေ ဖြစ်ခဲ့တယ် ဆိုတဲ့ သတင်းတွေက မမှန်ကန်ကြောင်း ဇီလန်စကီးက ငြင်းခဲ့ပါတယ်။

ထရမ့်က ဘာပစ္စည်းကိုမှ လှမ်းပစ်တာမျိုးတွေ မလုပ်ခဲ့ဘူးဆိုတာ သူအခိုင်အမာ ပြောနိုင်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။ အဲဒီတုန်းက ဇီလန်စကီးဟာ အမေရိကန်ရဲ့ တာဝေးပစ် Tomahawk ခရုစ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ ညှိနှိုင်း တောင်းဆိုခဲ့ပေမယ့် ထရမ့်ကတော့ မလိုက်လျောခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက အဲဒီဆွေးနွေးမှုဟာ ပုံမှန်အခြေအနေပဲဖြစ်ပြီး လုပ်ငန်းသဘော ဆန်ခဲ့ပေမယ့် အပြုသဘောလည်း ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ Financial Times သတင်းဌာနက ထရမ့်ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ တောင်းဆိုမှုတွေကို လက်ခံပြီး စစ်ပွဲကို အဆုံးသတ်ဖို့ ဇီလန်စကီးကို ဖိအားပေးခဲ့ကြောင်း၊ အဲဒီလို မဟုတ်ရင် ယူကရိန်းက ရုရှားရဲ့ ဖျက်ဆီးမှုကို ခံရလိမ့်မယ်လို့ သတိပေးခဲ့ကြောင်း ဖော်ပြဖူးပါတယ်။ ဇီလန်စကီးကတော့ ဆွေးနွေးပွဲရဲ့ အသေးစိတ် အချက်တွေကို ထုတ်မပြောပေမယ့် အဲဒီသတင်း ဖော်ပြချက်နဲ့တော့ ကွဲပြားစွာ ပြီးဆုံးခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ကိယက်ဗ်မြို့တော်မှာရှိတဲ့ သမ္မတ နန်းတော်ထဲမှာ Guardian သတင်းထောက်နဲ့ အင်တာဗျူးတဲ့အခါ တစ်ကမ္ဘာလုံးက ထရမ့်ကို ဝိုင်းကြောက်နေကြတယ် ဆိုတာတော့ အမှန်ပဲဖြစ်ကြောင်း ဇီလန်စကီးက ပြောပါတယ်။ သတင်းထောက်က သူရော ထရမ့်ကို ကြောက်သလားလို့ မေးတဲ့အခါ ဇီလန်စကီးက Noလို့ အဖြေပေးခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ သူနဲ့ ထရမ့်ဟာ ရန်သူတွေ မဟုတ်ဘဲ မိတ်ဆွေတွေ ဖြစ်ကြောင်း၊ မိတ်ဆွေတစ်ယောက်ကို သူက ဘာကြောင့် ကြောက်နေရမှာလဲလို့ ဇီလန်စကီးက ပြန်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

သမ္မတ ထရမ့်ဟာ သူ့နိုင်ငံရဲ့ ပြည်သူတွေက လိုလိုလားလား ရွေးကောက် တင်မြှောက်ထားတဲ့ ခေါင်းဆောင်ဖြစ်ကြောင်း၊ အမေရိကန် လူထုရဲ့ ရွေးချယ်မှုအပေါ် ယူကရိန်းက အထူးလေးစားကြောင်း၊ သူဟာလည်း ယူကရိန်း ပြည်သူတွေရဲ့ ရွေးကောက်မှုကို ခံထားရသူ ဖြစ်ကြောင်း၊ အမေရိကန် အနေနဲ့ ယူကရိန်းရဲ့ မဟာဗျူဟာ မိတ်ဖက်အဖြစ် နှစ်တွေအများကြီး ရပ်တည်ခဲ့ကြောင်း၊ သမိုင်းကြောင်းကို ပြန်လှန်ကြည့်ရင် နှစ်ဖက် ရင်းနှီးမှုဟာ ဆယ်စုနှစ်တွေ၊ ဒါမှမဟုတ် ရာစုနှစ်နဲ့ချီ ကြာညောင်းခဲ့ပြီး ဖြစ်နိုင်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

သူက ဗြိတိန်ဘုရင် ချားလ်စ်ဟာလည်း ယူကရိန်းကို အမေရိကန်က ပိုပြီး တက်တက်ကြွကြွ အကူအညီပေးအောင် စည်းရုံး တိုက်တွန်းပေးခဲ့ကြောင်း၊ အဲဒီအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ စက်တင်ဘာလတုန်းက ထရမ့်ဟာ ဗြိတိန်ကို အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ရာမှာ ချားလ်စ်ဘုရင်နဲ့ သီးခြား တွေ့ဆုံခဲ့ပါသေးတယ်။ သူတို့နှစ်ယောက် ဘာတွေ ပြောခဲ့သလဲ ဆိုတာကိုတော့ သူလည်း အသေးစိတ် မသိကြောင်း၊ ဒါပေမဲ့ ဘုရင်မင်းမြတ်ဟာ သမ္မတ ထရမ့်ဆီ အတော်လေး အရေးပါတဲ့ သတင်းစကားတွေ ပေးပို့ခဲ့တယ် ဆိုတာကိုတော့ သူနားလည်ကြောင်း ဇီလန်စကီးက မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဥရောပဟာ အားနည်းနုံချာပြီး ဆွေးမြေ့ ပျက်စီးလာနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဝေဖန်ပြောကြားလိုက်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

အပစ်ရပ် သဘောတူညီထားမှုကို ဆက်ပြီး လေးစား လိုက်နာပေးကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားကို အမေရိကန် အစိုးရက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမျိုးသား လုံခြုံရေး မဟာဗျူဟာ မူဝါဒ အသစ်ဟာ ရုရှားရဲ့ သဘောထား အမြင်၊ အတွေးအခေါ်တွေနဲ့ အများကြီး ကိုက်ညီကြောင်း ရုရှား အစိုးရက ချီးကျူး ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကြိုတင်ပြီး သတင်းထွက်နေတဲ့အတိုင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က ပထမဆုံးအကြိမ် ချီးမြှင့်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရရှိသွားပါတယ်။

Facebook