အီကွေဒေါ နိုင်ငံမှာ ထောင်ဆူမှု တစ်ခုကနေ ကြမ်းတမ်းရက်စက်တဲ့ လူသတ်ပွဲတွေအသွင် ကူးပြောင်းသွားပြီး အကျဉ်းသား အများစု အပါအဝင် လူ ၃၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့တုန်းက အယ်လ်အိုရို ပြည်နယ်ရဲ့ မာချာလာ အကျဉ်းထောင်ထဲမှာ နာရီတချို့ထိ ကြာမြင့်တဲ့ ဆူပူမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ အာဏာပိုင်တွေက အခြေအနေကို ထိန်းချုပ်ပြီး ထောင်ထဲကို ဝင်ရောက် စီးနင်းခဲ့တဲ့ အခါမှာတော့ အကျဉ်းသား အလောင်း ၂၇ ခုကို ရှာတွေ့ခဲ့ပါတယ်။
သေဆုံးသူ အများစုဟာ အတင်းအကျပ် ဆွဲကြိုးချတာ ခံရလို့ ရုတ်တရက် အသက်ရှူကျပ် သေဆုံးကြတာတွေ ဖြစ်တယ်လို့ မှုခင်းစစ်ဆေးရေး အရာရှိတွေက ဆိုပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေက နားလည်ရခက်ပြီး ရှုပ်ထွေးနေသေးကြောင်း၊ အဲဒါတွေကို အချက်အလက်ကျကျ ရှင်းလင်းဖို့ ကြိုးစားနေကြောင်း ထောင်အာဏာပိုင်တွေက ပြောပါတယ်။
နိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ မာချာလာမြို့က အကျဉ်းထောင်ထဲမှာ ဒေသစံတော်ချိန် မနက် အစောပိုင်း ၃ နာရီလောက်ကစလို့ ဆူပူမှုတွေ ဖြစ်ပွားခဲ့တာပါ။ ထောင်ထဲမှာ သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ၊ အော်ဟစ် အကူအညီ တောင်းသံတွေ ဆူဆူညံညံ ကြားနေခဲ့ရတယ်လို့ အနီးတဝိုက်မှာ နေထိုင်သူတွေက ပြောပါတယ်။

Public Service Announcement
အခင်းဖြစ်တဲ့ နေရာမှာ အကျဉ်းသားတွေအပြင် နောက်ထပ် ၄ ဦးလည်း သေဆုံးခဲ့ကြောင်း၊ ရဲ ၁ ဦးနဲ့ အကျဉ်းသား ၃၃ ဦး ဒဏ်ရာရခဲ့ကြောင်း ထောင်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ အကျဉ်းသား မဟုတ်တဲ့ သေဆုံးသူတွေဟာ ထောင်ဝန်ထမ်းတွေလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
နောက်တော့ အထူးရဲကွန်မန်ဒို အဖွဲ့တွေက ထောင်ကို စီးနင်းခဲ့ပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ထောင်ထဲက ဆူပူမှုဟာ ပြိုင်ဘက် ဒုစရိုက်ဂိုဏ်းတွေကြားက ရန်ပွဲမျိုးလား ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ တချို့သတင်းတွေကတော့ ထောင်သားတချို့ကို အသစ်တည်ဆောက်ထားတဲ့ လုံခြုံရေး အရမ်းတင်းကျပ်တဲ့ ထောင်တစ်ခုစီ ရွှေ့ဖို့ စီစဉ်ခဲ့တာနဲ့ ဆက်စပ်ဖွယ် ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
တောင်အမေရိက ဒေသတွင်း နိုင်ငံက အကျဉ်းထောင်တွေမှာ အရင်ကလည်း ပြိုင်ဘက် ဒုစရိုက်ဂိုဏ်းတွေရဲ့ အဖွဲ့ဝင်တွေကြား အငြှိုးတကြီး သတ်ဖြတ်ကြရာက သွေးချောင်းစီးတဲ့ ထောင်တွင်း ဆူပူမှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။ မာချာလာမှာ စက်တင်ဘာ လကုန်ပိုင်းတုန်းကလည်း နောက်ထပ် ထောင်တွင်း ရန်လို တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ရာက အကျဉ်းသား ၁၃ ယောက်နဲ့ ထောင်ဝန်ထမ်း ၁ ဦး သေဆုံးခဲ့ပါတယ်။
ကိုးကား: Reuters
















































