တောင်ကိုရီးယား နိုင်ငံရဲ့ ဖက်ရှင် ကုန်စည်တွေ ဖြန့်ဖြူးပို့ဆောင်မှု အကြီးဆုံး ရင်းမြစ်နေရာ တစ်ခုမှာ နိုဝင်ဘာ ၁၅ ရက်နေ့က အကြီးအကျယ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
တောင်ပိုင်း ချွန်ချောင်းဒေသထဲက ချောင်နမ်းမြို့မှာရှိတဲ့ E-Land ကုန်စည် သယ်ယူပို့ဆောင်ရေး ဇုန်မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဖက်ရှင် အဝတ်အထည် သန်းနဲ့ချီ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုမှာ ပျက်စီးမှုတန်ဖိုးတွေ အရမ်းများပြားခဲ့ပေမယ့် ကံအားလျော်စွာနဲ့ လူတွေ ထိခိုက်သေကြေတဲ့ သတင်းမျိုးတော့ မကြားခဲ့ရပါဘူး။
ဖက်ရှင်အဝတ်အထည်တွေနဲ့ တခြားကုန်စည်တွေ သိုလှောင်ထားရာ ပင်မ အဆောက်အအုံကြီးမှာ လောင်ကျွမ်းတဲ့ မီးကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးလုံးကြီးတွေကို ကီလိုမီတာ တော်တော်များများ ကွာဝေးတဲ့ နေရာကနေ မြင်နေခဲ့ရပါတယ်။

Public Service Announcement
ကုန်လှောင်ရုံကြီး တစ်ခုအဖြစ် တည်ဆောက်ထားတဲ့ အဆောက်အအုံရဲ့ ၄ ထပ်ကနေ စတင်မီးလောင်ပြီး အဆောက်အအုံ တစ်ခုလုံးကို မြန်မြန်ဆန်ဆန် ကူးစက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲမှာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေ အများအပြား ရှိနေတာကလည်း အခြေအနေကို ပိုပြီး ဆိုးရွားသွားစေခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
မီးလောင်မှု ဖြစ်ခဲ့တဲ့ နေရာမှာ အဝတ်အထည်တွေ၊ ဖိနပ်တွေ၊ အိတ်တွေ အပါအဝင် ဖက်ရှင် အသုံးအဆောင် ၁၁ သန်းကျော်ကို သိုလှောင်ထားပြီး စတုရန်းမီတာ ၁၉၃၀၀၀ လောက် ကျယ်ဝန်းကြောင်း သိရပါတယ်။
မီးအားက အရမ်းပြင်းထန်တဲ့နောက် တောင်ကိုရီးယား မီးသတ်တပ်ဖွဲ့ဟာ တစ်နိုင်ငံလုံးမှာ အူလ်ဆန် တစ်မြို့တည်းမှာပဲ ရှိနေသေးတဲ့ ရေဖိအား အရမ်းများတဲ့ ရေအမြောက်ကိုပါ ယူဆောင်လာပြီး အသုံးပြုခဲ့ရပါတယ်။ အဲဒီ စနစ်ဟာ တစ်မိနစ်ကို ရေလီတာ ၄၅၀၀၀ ပန်းထုတ်ပေးနိုင်ပါတယ်။ ဒါဟာ သမားရိုးကျ မီးသတ်ကား တစ်စီးရဲ့ ရေတွန်းကန်အားထက် အဆ ၂၀ ပိုများပါတယ်။
မနက်ကတည်းက စလောင်တဲ့မီးဟာ တစ်နေကုန်လောက် ကြာခဲ့ပြီး ညပိုင်းအထိ မီးသတ်ဝန်ထမ်း ရာနဲ့ချီ အလုပ်လုပ်ရင်း မီးကြွင်းမီးကျန်တွေကို ငြှိမ်းသတ်ခဲ့ရပါတယ်။ ပျက်စီးမှု တန်ဖိုး တိတိကျကျ မသိရသေးပေမယ့် ထိခိုက်ဆုံးရှုံးမှုကတော့ အရမ်းများခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မီးလောင်မှု စတင်ရဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အဲဒီနေရာမှာပဲ လွန်ခဲ့တဲ့ ၉ ရက်က အသေးစား မီးလောင်မှုလေးတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ အဆောက်အအုံကို ပိုင်ဆိုင်တဲ့ E-Land Groupကတော့ ဖြစ်စဉ်နှစ်ခုကြား ဆက်စပ်မှု မရှိဘူးလို့ ပြောပါတယ်။
ဖက်ရှင် အသုံးအဆောင်တွေနဲ့ ပတ်သက်ရင် နိုင်ငံရဲ့ အကြီးမားဆုံး ဖြန့်ဖြူး ပို့ဆောင်ရေးဇုန် ဖြစ်လာတဲ့ အဲဒီ နေရာကို ၂၀၁၄ မှာ စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နေ့ကို ပါဆယ်ထုပ်ပေါင်း ၅ သန်းလောက်ထိ ပို့ဆောင်ပေးနေကြောင်း သိရပါတယ်။
ကိုးကား: Korea Herald




















































