Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆော်ဒီဆီ ရောင်းချမယ့် F-35တွေက အစ္စရေးဆီ တင်ပို့တဲ့ လေယာဉ်တွေထက် နည်းပညာပိုင်း လျှော့ချထားမယ်လို့ဆို

အစ္စရေးလောက် နည်းပညာပိုင်း အဆင့်မမြင့်တဲ့ ကန့်သတ်ချက်မျိုးနဲ့ F-35 တိုက်လေယာဉ်တွေကို ဆော်ဒီ အာရေးဘီးယားဆီ ရောင်းချသွားမယ်လို့ အမေရိကန် အစိုးရ အရာရှိတွေက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အစ္စရေးလောက် နည်းပညာပိုင်း အဆင့်မမြင့်တဲ့ ကန့်သတ်ချက်မျိုးနဲ့ F-35 တိုက်လေယာဉ်တွေကို ဆော်ဒီ အာရေးဘီးယားဆီ ရောင်းချသွားမယ်လို့ အမေရိကန် အစိုးရ အရာရှိတွေက ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ မူဝါဒအရ မဟာမိတ် အစ္စရေး နိုင်ငံကို အရှေ့အလယ်ပိုင်း ဒေသထဲက တခြားနိုင်ငံ အားလုံးထက် စစ်ရေး နည်းပညာပိုင်း အသာစီး ရနေအောင် ကူညီဖို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့်လည်း အမေရိကန်ဟာ အဆင့်အမြင့်ဆုံး F-35 ကိုယ်ပျောက် တိုက်လေယာဉ်တွေကို အစ္စရေးဆီ ရောင်းချပေးခဲ့ပေမယ့် တခြား အာရပ်နိုင်ငံတွေဆီကိုတော့ လက်လွှဲ မပေးခဲ့ပါဘူး။

ဒါပေမဲ့ အခုသီတင်းပတ်အတွင်း အိမ်ဖြူတော်ကို အလည်အပတ် ရောက်ရှိလာတဲ့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်က F-35တွေ ဝယ်ယူခွင့်ရရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တရားဝင် တောင်းဆိုခဲ့ပြီး ထရမ့်ကလည်း မီးစိမ်းပြခဲ့ပါတယ်။ တစ်နည်းအားဖြင့် အစ္စရေးက F-35တွေကို ကိုင်တွယ် သုံးစွဲနေတာ ၁၀ နှစ်လောက် ကြာပြီးတဲ့နောက် အာရပ်နိုင်ငံ တစ်ခုဆီ ပထမဆုံးအကြိမ် အဲဒီလေယာဉ်တွေ ရောင်းချပေးဖို့ အမေရိကန်က သဘောတူလိုက်ခြင်းလည်း ဖြစ်ပါတယ်။

အရေးကြီးတဲ့ အချက်တစ်ခုကတော့ ဆော်ဒီက ဝယ်ယူရရှိမယ့် F-35တွေဟာ အစ္စရေးက ပိုင်ဆိုင်ထားတဲ့ လေယာဉ်တွေနဲ့ ယှဉ်ရင်တော့ နည်းပညာပိုင်း ကန့်သတ် လျှော့ချမှုတွေကို ခံထားရမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အစ္စရေးကို အမေရိကန်က ရောင်းချပေးထားတဲ့ အဆင့်အမြင့်ဆုံး လက်နက်တပ်ဆင် စနစ်တွေ၊ အီလက်ထရောနစ် စစ်ဆင်ရေး စနစ်တွေထက် တစ်ဆင့်နိမ့်တဲ့ အမျိုးအစားကိုသာ ဆော်ဒီက ဝယ်ယူခွင့်ရမယ့် သဘောပါ။

Public Service Announcement

Public Service Announcement

အမေရိကန်ဟာ F-35တွေကို မဟာမိတ်တွေဆီ ရောင်းချရာမှာ နည်းပညာ ထိန်းချုပ်မှုတွေကို တင်းတင်းကျပ်ကျပ် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အစ္စရေးကတော့ အထူးအခွင့်အရေး အနေနဲ့ အမေရိကန်ဆီက ခွင့်ပြုချက် မလိုအပ်ဘဲ အဲဒီ လေယာဉ်တွေမှာ ကိုယ်ပိုင် စိတ်တိုင်းကျ အဆင့်မြှင့် မွမ်းမံခွင့်တွေ ရရှိထားပါတယ်။ ဥပမာ အစ္စရေးနဲ့ ကိုက်ညီတဲ့ လက်နက် စနစ်တွေ ပြောင်းလဲတပ်ဆင်တာ၊ ရေဒါနှောင့်ယှက်မှု စွမ်းဆောင်ရည်တွေ ထည့်သွင်းတာနဲ့ တခြားမွမ်းမံ ဖြည့်တင်းမှုတွေကို အမေရိကန်ဆီ ခွင့်တောင်းစရာ လုံးဝမလိုဘဲ ပေါင်းစပ်နိုင်ပါတယ်။ ဒါကြောင့် F-35ချင်း တူရင်တောင် အစ္စရေးနဲ့ ဆော်ဒီက ပိုင်ဆိုင်ထားတဲ့ တိုက်လေယာဉ်တွေကြားမှာ စွမ်းဆောင်ရည် ကွာခြားချက်က ကြီးကြီးမားမား ဆက်ရှိနေမယ်လို့ စစ်ရေး သုတေသီ တချို့က သုံးသပ်ပါတယ်။

နောက်ပြီး ဆော်ဒီဟာ F-35တွေကို ပိုင်ဆိုင်နိုင်ခဲ့ရင်တောင်မှ အမေရိကန်ရဲ့ နာမည်ကျော် AIM-260 ခေတ်မီ မဟာဗျူဟာ တိုက်ခိုက်ရေး ဒုံးကျည်တွေကိုတော့ ဝယ်ယူခွင့် ရဖွယ် မရှိပါဘူး။ AIM-260 တွေဟာ F-35လို ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေအတွက် အဓိက ရည်ရွယ် ထုတ်လုပ်ထားတဲ့ ဝေဟင်ပစ် ဒုံးကျည်တွေဖြစ်ပါတယ်။

အဲဒီ ဒုံးကျည်တွေဟာ Lockheed Martinရဲ့ ထုတ်ကုန်ဖြစ်ပြီး မနှစ်ကမှ အမေရိကန် တိုက်လေယာဉ်တွေမှာ စတင်တပ်ဆင် သုံးစွဲခဲ့ပါတယ်။ ဆော်ဒီကို F-35တွေ ရောင်းပေးဖို့ အမေရိကန်က ဆုံးဖြတ်ခဲ့တဲ့နောက် အစ္စရေးအတွက် AIM-260တွေ ဝယ်ယူခွင့်ကို ကမ်းလှမ်းသွားမယ်လို့ ယုံကြည်ရပါတယ်။ သာမန် အားဖြင့်တော့ အဲဒီဒုံးကျည်တွေဟာ အမေရိကန်ရဲ့ နည်းပညာပိုင်း အသိုဝှက်ဆုံး ထိန်းသိမ်းထားတဲ့ လေကြောင်းကာကွယ်ရေး လက်နက်တွေ ဖြစ်ပါတယ်။ အသေးစိတ် မထုတ်ပြန်ပေမယ့် AIM-260တွေဟာ အနည်းဆုံး ကီလိုမီတာ ၂၀၀ လောက် အကွာက ရန်သူပစ်မှတ်ကို တိတိကျကျ ချေမှုန်းနိုင်တယ်လို့ ယုံကြည်ရပါတယ်။

F-35တွေကို အမေရိကန်ရဲ့ စစ်မဟာမိတ်တွေဆီ ရောင်းချထားပေမယ့် နိုင်ငံအလိုက် လိုအပ်ချက်နဲ့ ကွဲပြားအောင် ပြင်ဆင်ပြောင်းလဲထားလေ့ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး F-35တွေကတော့ အမေရိကန်ရဲ့ လက်ထဲမှာ ရှိနေပြီး အစ္စရေး တိုက်လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်ဟာလည်း မနီးယိုးစွဲ အဆင့်လို့ ယုံကြည်ရပါတယ်။

နောက်ပြီး အရေအတွက် အပိုင်းမှာလည်း အစ္စရေးက အသာစီး ဆက်ရနေမှာပါ။ အစ္စရေးဟာ F-35 တိုက်လေယာဉ်အုပ် ၂ ခုကို ဖွဲ့စည်းထားပြီး တတိယမြောက် အုပ်စုအတွက်လည်း ထပ်မံ မှာယူထားပါတယ်။ ဆော်ဒီကတော့ တိုက်လေယာဉ်အုပ် နှစ်ခုစာထက်ပိုတဲ့ F-35တွေ ဝယ်ယူခွင့်ရမှာ မဟုတ်ပါဘူး။

စစ်ရေး သုတေသီတွေကတော့ အစ္စရေး လေတပ်ဟာ F-35တွေကို ဆယ်စုနှစ် တစ်ခုနီးပါး ကိုင်တွယ်ထားပြီး ဖြစ်သလို လက်တွေ့ စစ်ဆင်ရေးတွေမှာလည်း အသုံးပြုနေခဲ့တာကြောင့် လေယာဉ်တွေနဲ့ ပတ်သက်ရင် အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု အပိုင်းမှာလည်း အများကြီး ဦးဆောင်နေဦးမယ်လို့ သုံးသပ်ထားကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား ရေနံတင် သင်္ဘောကို ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ကိစ္စကို တူရကီ အစိုးရက အပြင်းအထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဟာ ကမ္ဘာ့ ခုခံအား ကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့ (ကမ္ဘာ့ AIDSနေ့)ဆိုင်ရာ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ ခိုလှုံခွင့် လျှောက်ထားမှု မှန်သမျှကို ဆိုင်းငံ့ထားစေတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ အချိန်အကြာကြီး ဆက်ပြီး တည်ရှိနေနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးမှုတွေက အပြုသဘောဆန်တဲ့ ရလဒ်တွေ ရှိနေပေမယ့် ဆက်လုပ်ရမယ့် အပိုင်းတွေ ကျန်နေတုန်းလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။