Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ရဲ့ စစ်ရပ်စဲရေး အဆိုပြုချက်တွေက ယူကရိန်းကို အခက်ခဲဆုံး ဖြစ်လာစေကြောင်း ဇီလန်စကီး ဝန်ခံ

စစ်ရပ်စဲရေးအတွက် အမေရိကန်က ထောက်ခံထားတဲ့ ငြိမ်းချမ်းရေး အစီအမံနဲ့ ပတ်သက်ပြီး ပြည်သူတွေဆီ မိန့်ခွန်းပြောရာမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက နိုင်ငံရဲ့ သမိုင်းတလျှောက် အခက်ခဲဆုံး ကာလတစ်ခုကို ဖြတ်သန်းနေရကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

စစ်ရပ်စဲရေးအတွက် အမေရိကန်က ထောက်ခံထားတဲ့ ငြိမ်းချမ်းရေး အစီအမံနဲ့ ပတ်သက်ပြီး ပြည်သူတွေဆီ မိန့်ခွန်းပြောရာမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက နိုင်ငံရဲ့ သမိုင်းတလျှောက် အခက်ခဲဆုံး ကာလတစ်ခုကို ဖြတ်သန်းနေရကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ယူကရိန်းဆီ အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ပေးပို့ထားပြီး အဲဒီထဲမှာ ယူကရိန်းအတွက် နာကျင်စရာ အလျှော့ပေးရမှုတွေ တော်တော်များများ ပါဝင်နေပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ ထရမ့်က သူဟာ ရုရှားနဲ့ ယူကရိန်းကြား စစ်ရပ်စဲရေးအတွက် အဆိုပြုချက်တစ်ခု ပေးပို့ထားပြီး အဲဒီကိစ္စကို ယူကရိန်းက ကျေးဇူးတော်နေ့ ကျရောက်မယ့် နိုဝင်ဘာ ၂၇ ရက် မတိုင်ခင် အဖြေပေးဖို့ ရက်သတ်မှတ်ပေးထားကြောင်း အတည်ပြု ခဲ့ပါတယ်။

ယူကရိန်းနဲ့ ဥရောပ နိုင်ငံတွေကတော့ ထရမ့်ကြားဝင် ညှိနှိုင်းပေးထားတယ်ဆိုတဲ့ ငြိမ်းချမ်းရေး အစီအမံဟာ ရုရှားကို အလုံးစုံ အလျှော့ပေးလိုက်မှုမျိုး ဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။ ထရမ့်ကတော့ သူ့ရဲ့ အဆိုပြုချက်ဟာ လက်ခံနိုင်လောက်တဲ့ အခြေအနေဖြစ်ပြီး ဇီလန်စကီးက သဘောတူ လက်မှတ်ရေးထိုးလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ကိယက်ဗ်မြို့က ယူကရိန်း သမ္မတ အိမ်တော်ရှေ့မှာ မရွှင်မပြ မျက်နှာနဲ့ ပြောခဲ့တဲ့ ၁၀ မိနစ်ကြာ မိန့်ခွန်းမှာတော့ ဇီလန်စကီးက သူ့နိုင်ငံဟာ မဖြစ်နိုင်လောက်အောင် ခက်ခဲတဲ့ ရွေးချယ်မှု တစ်ခုကို လုပ်ရတော့မယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ယူကရိန်းဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ ဒါမှမဟုတ် အဓိက မိတ်ဖက်နိုင်ငံ တစ်ခုခုကိုတော့ အဆုံးရှုံး ခံရတော့မယ့် သဘောလို့ သူက ဆိုပါတယ်။ အမေရိကန် အစိုးရဟာ အခုအခါမှာတော့ ရုရှားဖက်က တောင်းဆိုတဲ့ ခက်ထန်ကြမ်းကြုတ်တဲ့ အဆိုတွေကို လိုက်လျောလက်ခံပြီး စစ်ပွဲကို အဆုံးသတ်စေဖို့ ဆုံးဖြတ်လိုက်ဟန်ရှိကြောင်း ဇီလန်စကီးက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အချိန်မှာ ယူကရိန်းအပေါ် ကျရောက်လာတဲ့ ဖိအားဟာ အလေးလံဆုံး ဖြစ်နေပြီလို့ သူက ဆိုပါတယ်။ ယူကရိန်းဟာ ထရမ့်ရဲ့ အဆိုပြုချက် ၂၈ ခုကို လက်ခံမလား၊ အင်မတန် ကြမ်းတမ်းခက်ခဲတဲ့ ဆောင်းကာလကို ဖြတ်သန်းမလား ဆိုတာကို ဆုံးဖြတ်ရတော့မယ်လို့ ဇီလန်စကီးက သူ့မိန့်ခွန်းထဲမှာ ပြောကြားထားပါတယ်။ ရုရှားနဲ့ အမေရိကန် ညှိထားတဲ့ အဆိုပြုချက်တွေကို လက်ခံလိုက်တာနဲ့ ယူကရိန်း အနေနဲ့ လွတ်လပ်မှု၊ ဂုဏ်သိက္ခာ၊ တရားမျှတမှု ကင်းမဲ့စွာ ဆက်လက် ရပ်တည်ရမယ့် အခြေအနေဆီ ရောက်သွားမှာ ဖြစ်တယ်လို့လည်း ဇီလန်စကီးက မှတ်ချက်ပေးသွားပါတယ်။

ထရမ့်က ထောက်ခံထားတဲ့ ငြိမ်းချမ်းရေး အဆိုပြုချက် ၂၈ ခုထဲမှာတော့ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာကို အသိအမှတ် ပြုပေမယ့် စစ်ရပ်စဲရေးအတွက် ယူကရိန်းဟာ ပိုင်နက် နယ်မြေတွေကို လက်လွှတ် ဆုံးရှုံးခံရမှာပါ။ ရုရှား-ယူကရိန်းနဲ့ ဥရောပတို့ ပါဝင်တဲ့ မကျူးကျော်ရေး စာချုပ်တစ်ခု ချုပ်ဆိုရမှာ ဖြစ်သလို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ဖြစ်ပွားခဲ့တဲ့ ရန်လိုမှုတွေ၊ မကျေလည်မှုတွေကို သင်ပုန်းချေရပါမယ်။

ယူကရိန်းဟာ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် ဖြစ်ခွင့်ရနိုင်ပေမယ့် NATO စစ်မဟာမိတ် အဖွဲ့ထဲ လုံးဝ မဝင်ရောက်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါ ထည့်သွင်း သတ်မှတ်ရပါမယ်။ လုံခြုံရေးနဲ့ စစ်ရေးဆိုင်ရာ တင်းမာမှုတွေအတွက် ရုရှားနဲ့ NATOကြား စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်စေပြီး အမေရိကန်က ကြားဝင် စေ့စပ်ဖို့ တာဝန်ယူပါမယ်။ စစ်ပွဲပြီးသွားရင် ယူကရိန်းမှာ NATOတပ်တွေ အခြေစိုက်ခွင့် ရမှာမဟုတ်ဘဲ အိမ်နီးချင်း ပိုလန်နိုင်ငံမှာပဲ ဖြန့်ကျက်ခွင့် ရပါမယ်။ ယူကရိန်းရဲ့ စစ်အင်အားကို ၆ သိန်းထိ ကန့်သတ် လျှော့ချရပါမယ်။ အပြန်အလှန်အဖြစ် ယူကရိန်းအတွက် ယုံကြည် စိတ်ချရတဲ့ လုံခြုံရေး အာမခံချက်မျိုးကို ထောက်ပံ့ပေးပါမယ်။

ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေကို ဒုံးကျည်နဲ့ ပစ်ခတ်တာမျိုးတွေ လုပ်ခဲ့ရင်တော့ ပေးထားတဲ့ လုံခြုံရေး အာမခံချက် ပျက်ပြယ်ပါမယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့မယ် ဆိုရင်တော့ ပြတ်သားထိရောက်တဲ့ စစ်ရေး တုံ့ပြန်မှုတွေကို ရင်ဆိုင်ရမှာဖြစ်ပြီး ရုရှားအပေါ် ပယ်ဖျက်ပေးမယ့် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုအားလုံး တကျော့ပြန် အသက်ဝင်လာမှာပါ။

စစ်ပွဲပြီးသွားပြီး ရက်ပေါင်း ၁၀၀ အတွင်း ယူကရိန်းမှာ ရွေးကောက်ပွဲ ကျင်းပပေးရမှာ ဖြစ်ပါတယ်။ ယူကရိန်း နယ်မြေတွေဖြစ်တဲ့ ခရိုင်းမီးယား၊ လူဟန့်စ်ခ်၊ ဒွန်းညက်စ်ခ်တို့ကို အမေရိကန် အပါအဝင် နိုင်ငံတကာက ရုရှားပိုင်နက် အနေနဲ့ အသိအမှတ် ပြုရပါမယ်။ ခါဆွန်နဲ့ ဇာပေါ့ရစ်ဇီရာ ဒေသတွေကတော့ ကြားခံနယ်မြေ သဘော ဖြစ်လာမှာပါ။ ရုရှားဟာ ကျန်တဲ့ နေရာတွေမှာ သိမ်းပိုက်ထားတဲ့ တပ်တွေကို ရုပ်သိမ်းပေးရပါမယ်။ ဒွန်းညက်စ်ခ်ရဲ့ လက်ကျန် အစိတ်အပိုင်းတွေကို ထိန်းချုပ်ထားဆဲ ယူကရိန်းတပ်တွေလည်း ဆုတ်ခွာပေးရမှာ ဖြစ်ပါတယ်။

စစ်ပြီးကာလ ယူကရိန်း ပြန်လည်ထူထောင်ရေးအတွက် လက်ရှိ ထိန်းချုပ်ထားတဲ့ ရုရှားငွေကြေးတွေထဲက ဒေါ်လာ ၁၀၀ ဘီလီယံကို သုံးစွဲပါမယ်။ အဲဒီ ပြန်လည်ထူထောင်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို အမေရိကန်က ကြီးမှူး ကိုင်တွယ်မှာဖြစ်ပြီး အနာဂတ်မှာ ရရှိလာတဲ့ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းကို အမေရိကန်က ယူပါမယ်။

ယူကရိန်းဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး ဘယ်တော့မှ မကြိုးစားဖို့ ကတိပြုရမှာ ဖြစ်ပါတယ်။ ဇာပေါ့ရစ်ဇီရာ ဒေသမှာရှိတဲ့ ဥရောပတိုက်ရဲ့ အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးကို အပြည်ပြည်ဆိုင်ရာ အနုမြူ စွမ်းအင် အေဂျင်စီ ကွပ်ကဲမှုအောက်မှာ ထားရှိပြီး ထုတ်လုပ်တဲ့ ဓာတ်အားကို ရုရှားနဲ့ ယူကရိန်း အညီအမျှ ခွဲဝေယူရမှာပါ။

နှစ်နိုင်ငံစလုံးဟာ ကျောင်းသင်ရိုးတွေနဲ့ လူမှုရေး နယ်ပယ်တွေမှာ အပြန်အလှန် နားလည်မှု၊ သည်းခံမှုတွေကို အားပေးမြှင့်တင်စေပြီး ခွဲခြားဆက်ဆံမှု၊ ရန်လိုမှုတွေကို တိုက်ဖျက်ရပါမယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ကတော့ အခုသဘောတူညီမှုတွေဟာ ရုရှားကို တစ်ဖက်သတ် အသာစီး ရစေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ပယ်ချခဲ့ပြီး အမေရိကန်ဟာ နှစ်ဖက်စလုံးနဲ့ တန်းတူညီမျှ ညှိနှိုင်းပေးခဲ့ကြောင်း ကာကွယ်ပြောကြားထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အသေးစိတ် ဆွေးနွေးလိုကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို သူက မကြောက်ပါဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ပွဲပြီးရင် ရာထူးကနေ နုတ်ထွက်ပေးဖို့ အသင့်ရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ထိထိရောက်ရောက်သာ မဟန့်တားနိုင်ဘူးဆိုရင် ရုရှားရဲ့ ကျူးကျော်မှုဟာ ယူကရိန်းနဲ့တင် ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေး ပြောကြားခဲ့ပါတယ်။

Facebook