Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် အကျဉ်းသားတွေကို အခွင့်ထူးပေး ဆက်ဆံခဲ့တဲ့ ထိုင်းထောင်အရာရှိတွေ ရာထူးက ဆိုင်းငံ့ခံရ

ကြွယ်ဝချမ်းသာတဲ့ တရုတ် အကျဉ်းသားတွေကို အခွင့်ထူးခံအဖြစ် ဆက်ဆံခဲ့ကြောင်း စွပ်စွဲမှုနဲ့အတူ ထိုင်းအကျဉ်းထောင် တစ်ခုရဲ့ အရာရှိတွေဟာ ရာထူးကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

ဓာတ်ပုံ - AFP

ကြွယ်ဝချမ်းသာတဲ့ တရုတ် အကျဉ်းသားတွေကို အခွင့်ထူးခံအဖြစ် ဆက်ဆံခဲ့ကြောင်း စွပ်စွဲမှုနဲ့အတူ ထိုင်းအကျဉ်းထောင် တစ်ခုရဲ့ အရာရှိတွေဟာ ရာထူးကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

ဘန်ကောက်မြို့ ရမန်အကျဉ်းထောင်ထဲက ငွေကြေးချမ်းသာပြီး ပေါက်ပေါက်ရောက်ရောက်ရှိတဲ့ တရုတ် အကျဉ်းသားတွေဟာ ထောင်ထဲကို အမျိုးသမီးတွေ ခေါ်ပြီး လိင်ပျော်ပါးခွင့်မျိုး အခွင့်ထူးတွေတောင် ရရှိထားတယ်ဆိုတဲ့ သတင်းက ထိုင်းတရားစီရင်ရေး ကဏ္ဍအပေါ် အကြီးအကျယ် သိက္ခာကျစေခဲ့ပါတယ်။

ဒေသခံ မီဒီယာတွေက တရုတ် အမျိုးသမီး နှစ်ဦးဟာ တရုတ် အကျဉ်းသားတွေအတွက် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုပေးဖို့ ဘန်ကောက် ရမန် အကျဉ်းထောင်ထဲ သွားရောက်ခဲ့တယ်လို့ ဖော်ပြခဲ့ရာက ဒီကိစ္စဟာ လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။

အာဏာပိုင်တွေက ထောင်ထဲကို ဝင်ရောက် စီးနင်းစစ်ဆေးရာက အခုကိစ္စ ပေါ်ပေါက်လာခဲ့တာပါ။ တရုတ် အကျဉ်းသားတွေကို ထားရှိရာ အခန်းတွေရဲ့ မျက်နှာကျက်တွေထဲမှာလည်း တားမြစ်ထားတဲ့ အီလက်ထရောနစ် အသုံးအဆောင်တွေ ဝှက်ထားတာကိုလည်း စစ်ဆေးရေး အရာရှိတွေက ရှာတွေ့ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘန်ကောက် ရမန် အကျဉ်းထောင်ဟာ ထိုင်းရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး ဒုစရိုက်သမားတွေ အပါအဝင် အကျဉ်းသား ၄၀၀၀ လောက်ကို ထိန်းသိမ်းထားတဲ့ နေရာပါ။ မြန်မာဖက်ခြမ်း မြဝတီမြို့နယ်ထဲက ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေရဲ့ ဒုစရိုက်မြို့တော်လို့ တင်စားခံရတဲ့ ရွှေကုက္ကိုရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူ ရှီကျိကျန်းလည်း တရုတ်ဆီ လွှဲပြောင်းပေးတာ မခံရခင်က အဲဒီထောင်ထဲမှာပဲ ချုပ်နှောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့မှာတော့ တရားရေး ဝန်ကြီးဌာနက ရမန်ထောင်ရဲ့ ထောင်မှူးကြီး၊ သူ့ရဲ့ အတွင်းရေးမှူး၊ တခြား အကြီးတန်း ထောင်ကြပ်တစ်ဦးတို့ကို ရာထူးကနေ ဆိုင်းငံ့ထားလိုက်တယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

တရားရေးဝန်ကြီး ရူသာပေါင် နော်ဝါရတ်က ထောင်ထဲမှာ တရုတ်အကျဉ်းသားတွေ အခွင့်ထူးခံအဖြစ် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ တိကျခိုင်မာတဲ့ တွေ့ရှိချက် အထောက်အထားတွေအပေါ် အခြေခံပြီး အခုလို ဆုံးဖြတ် အရေးယူခဲ့တာလို့ ပြောပါတယ်။

အကျဉ်းခန်းတစ်ခုကို ထောင်ပိုင်အရာရှိတွေအတွက် နားနေဖို့ ပြန်လည်မွမ်းမံထားတဲ့ နေရာမှာလည်း အကျဉ်းသား တစ်ဦးကို တရုတ် အမျိုးသမီး နှစ်ယောက်နဲ့အတူ ရှာတွေ့ခဲ့တယ်လို့ ရူသာပေါင်က ဆိုပါတယ်။ ဒါ့အပြင် ထောင်ထဲမှာ ရှိမနေသင့်တဲ့ ကွန်ဒုံး၊ အရက်၊ ဆေးရွက်ကြီး စတာတွေကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

ထောင်သားတွေအတွက် စီမံထောက်ပံ့ပေးမထားတဲ့ စားပွဲတစ်လုံး၊ ဆိုဖာခုံနဲ့ ရေခဲသေတ္တာတွေကိုလည်း ထောင်ထဲမှာ ရှာတွေ့ခဲ့ပါတယ်။ ထောင်ရဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ဖျက်ထားပေမယ့် ပြန်လည် ရယူနိုင်ခဲ့တဲ့ အပိုင်းအစ တစ်ခုထဲမှာတော့ အမျိုးသမီးနှစ်ဦး ထောင်ထဲ ဝင်လာခဲ့တာကို တွေ့ရှိခဲ့ကြောင်း တရားရေး ဝန်ကြီးဌာနက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထောင်ထဲမှာရှိတဲ့ အရာရှိ အကြီးအငယ် စုစုပေါင်း ၂၀ လောက်ထိဟာ ကျင့်ဝတ်စည်းမျဉ်း ဖောက်ဖျက်မှုတွေအတွက် စွပ်စွဲ ခံထားရပြီး ကနဦး စစ်ဆေးမှုတွေအရ လိင်အပျော်အပါး ကိစ္စမှာတော့ ထောင်အရာရှိတွေ ပါဝင်ကျူးလွန်ခဲ့တဲ့ အထောက်အထား မတွေ့ရကြောင်း သိရှိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။