Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂီနီယာ-ဘစ်ဆောမှာ ရွေးကောက်ပွဲရလဒ် ကြေညာခါနီးမှာ စစ်တပ်က အာဏာသိမ်း

ရွေးကောက်ပွဲ ရလဒ်တွေ ထုတ်ပြန်ခါနီးမှာပဲ အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ ဂီနီယာ-ဘစ်ဆောမှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ရွေးကောက်ပွဲ ရလဒ်တွေ ထုတ်ပြန်ခါနီးမှာပဲ အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ ဂီနီယာ-ဘစ်ဆောမှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့က မြို့တော် ဘစ်ဆောမှာ သေနတ်သံတွေ ကြားခဲ့ရပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ သမ္မတ အူမာရို ဆစ်စကို အမ်ဘာလိုလည်း အဖမ်းခံခဲ့ရပါတယ်။

နောက်တော့ အာဏာသိမ်းမှုကို ဦးဆောင်တဲ့ စစ်တပ် အရာရှိတွေက ရုပ်မြင်သံကြားကနေတဆင့် နိုင်ငံကို မိန့်ခွန်းပြောခဲ့ရာမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ဆိုင်းငံ့ထားလိုက်ပြီလို့ ထည့်သွင်း ကြေညာသွားပါတယ်။

အာဖရိက အနောက်ဖက် ကမ်းရိုးတန်းမှာ တည်ရှိတဲ့ နိုင်ငံငယ်လေးမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကမှ ရွေးကောက်ပွဲ ကျင်းပထားပြီး ရလဒ်တွေ ထွက်ပေါ်လာမှာကို စောင့်ဆိုင်းနေခဲ့တာပါ။ အခုတော့ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်တယ်လို့ပါ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ စစ်တပ်က အကြောင်းပြရာမှာတော့ နာမည် ဖော်ပြမထားသေးတဲ့ နိုင်ငံရေးသမား တစ်ဦးဟာ လူသိများတဲ့ မူးယစ်ရာဇာ တစ်ဦးရဲ့ ကျောထောက်နောက်ခံ အင်အားကို ရယူပြီး နိုင်ငံကို တည်ငြိမ်မှု ပျက်စီးအောင် ကြံဆောင်နေတာကို တားဆီးဖို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က နယ်စပ်တွေကို ပိတ်ပစ်ခဲ့သလို ညမထွက်ရ အမိန့်ပါ ထုတ်ပြန်ခဲ့ပါတယ်။

ဆီနီဂေါနဲ့ ဂီနီယာ နိုင်ငံတွေကြားမှာ တည်ရှိပြီး မူးယစ်မှောင်ခိုဂိုဏ်းတွေ ကြီးစိုးမှုကြောင့် နာမည်ဆိုး ထွက်နေတဲ့ နိုင်ငံငယ်လေးမှာ ၁၉၇၄ ခုနှစ်၊ ပေါ်တူဂီဆီက လွတ်လပ်ရေး ရခဲ့ပြီးချိန်ကစလို့ စစ်တပ်က ဩဇာကြီးမားတဲ့ အင်အားစုအဖြစ် ရပ်တည်ခဲ့ပါတယ်။ မူလက ရွေးကောက်ပွဲ ရလဒ်တွေကို နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ဖို့ လျာထားခဲ့ပြီး အမ်ဘာလိုရော၊ သူ့ရဲ့ အဓိကပြိုင်ဘက် ဖာနန်ဒို ဒီယက်စ်ကပါ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုပြီး အသီးသီး ကြိုတင် ကြွေးကြော်ထားခဲ့ကြပါတယ်။

ဒီယက်စ်ဟာ ရွေးကောက်ပွဲဝင်ခွင့်နဲ့ မကိုက်ညီဘူးဆိုပြီး ပယ်ချခံခဲ့ရတဲ့ သမ္မတဟောင်း ဒိုမင်ဂွတ်စ် ပီယဲရားရဲ့ ထောက်ခံမှုကို ရရှိထားသူ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၆ ရက် ညပိုင်းတုန်းက အမ်ဘာလိုဟာ ပြင်သစ်ရဲ့ France 24 သတင်းဌာနဆီ ဖုန်းခေါ်ပြီး သူ့ကို ဖြုတ်ချကြတော့မယ် ဆိုတာကို အသိပေးသွားခဲ့ပါတယ်။ သူသာမကဘဲ ဒီယက်စ်၊ ပီယဲရားနဲ့ ပြည်ထဲရေးဝန်ကြီး ဘော့ချီ ကန်ဒီတို့ပါ အသီးသီး အဖမ်းခံခဲ့ရကြောင်း အစိုးရ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အစောပိုင်းတုန်းက မြို့ထဲမှာ သေနတ်သံတွေ ထွက်ပေါ်လာတဲ့နောက် အကြောင်းရင်းကို မသိရသေးတဲ့ လူတွေ၊ ကားတွေက ကြောက်လန့်တကြား ထွက်ပြေးခဲ့ပါတယ်။ နာရီပိုင်း အကြာမှာ သမ္မတ အိမ်တော်ရဲ့ စစ်ရေးဌာန အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဒင်းနစ် အန်ကန်ဟာက စစ်အာဏာသိမ်းမှုကို အတည်ပြု ကြေညာခဲ့ပါတယ်။

ဂီနီယာ-ဘစ်ဆော နိုင်ငံကို ကိုလိုနီပြု အုပ်ချုပ်ခဲ့ဖူးတဲ့ ပေါ်တူဂီ အစိုးရက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ညီတဲ့ စီမံအုပ်ချုပ်မှုမျိုး အမြန်ဆုံး ပြန်လည် ဖော်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဂီနီယာ-ဘစ်ဆောဟာ စစ်အာဏာသိမ်းမှုတွေနဲ့ မစိမ်းလှတဲ့ နိုင်ငံငယ်တစ်ခု ဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် ၅ ခုအတွင်း အာဏာသိမ်းဖို့ အားထုတ်မှုပေါင်း ၉ ခုထက်မနည်း ကြုံခဲ့ရပြီး ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။