Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပစ်မှတ်မှာ အသက်ရှင် ကျန်သူတွေကို ကာကွယ်ရေးဝန်ကြီးက အပြတ်ရှင်းခိုင်းခဲ့တယ် ဆိုတာကို အိမ်ဖြူတော် ငြင်းဆို

ဗင်နီဇွဲလား စက်လှေတစ်စီးကို တိုက်ခိုက်ပြီး အသက်ရှင်နေသူတွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးက အပြတ်ရှင်းခိုင်းခဲ့ကြောင်း သတင်းတွေကို အိမ်ဖြူတော်က ငြင်းဆန်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဗင်နီဇွဲလား စက်လှေတစ်စီးကို တိုက်ခိုက်ပြီး အသက်ရှင်နေသူတွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးက အပြတ်ရှင်းခိုင်းခဲ့ကြောင်း သတင်းတွေကို အိမ်ဖြူတော်က ငြင်းဆန်ခဲ့ပါတယ်။

အဲဒီ စွပ်စွဲချက်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ Washington Postရဲ့ သတင်းတစ်ခုကို အကြောင်းပြုပြီး ထွက်ပေါ်လာတာပါ။ အမေရိကန်ဟာ မူးယစ်မှောင်ခို လုပ်ငန်းတွေနဲ့ ဆက်နွှယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်အောက်မှာ ဗင်နီဇွဲလား စက်လှေတွေကို တိုက်ခိုက်နှစ်မြှုပ်တဲ့ ပင်လယ်ပြင် စစ်ဆင်ရေးတွေကို ဆက်တိုက် လုပ်ဆောင်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အဲဒီလို တိုက်ခိုက်မှုပေါင်း ၂၁ ကြိမ်ထက်မနည်း ရှိခဲ့ပြီး လူ ၈၀ ကျော် သေဆုံးခဲ့ပါတယ်။

Washington Postရဲ့ သတင်းကတော့ စက်တင်ဘာ ၂ ရက်နေ့ တိုက်ခိုက်မှု တစ်ခုအကြောင်းကို ဖော်ပြထားခဲ့တာပါ။ အဲဒီနေ့က အမေရိကန် ရေတပ်ဟာ ကာရေဘီယန် ပင်လယ်ပြင်မှာ ခုတ်မောင်းနေတဲ့ ဗင်နီဇွဲလား လှေတစ်စီးကို တိုက်ခိုက်ခဲ့ပါတယ်။ နောက်တော့ လှေပေါ်မှာ အသက်ရှင်ကျန်သူတွေ ရှိနေသေးတာကို ထောက်လှမ်း သိရှိခဲ့တဲ့နောက် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ရဲ့ အမိန့်အရ နောက်ထပ် တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဟက်ဂ်ဆက်သ်က အသက်ရှင်သူတွေ ချန်မထားဘဲ အပြတ်ရှင်းဖို့ ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ကို အမိန့်ပေးခဲ့တဲ့အတွက် နောက်ဆက်တွဲ တိုက်ခိုက်မှုကို အကောင်အထည် ဖော်ခဲ့တာလို့ သတင်းစာက ဆိုပါတယ်။

ဒီသတင်းဟာ အမေရိကန် လွှတ်တော်ထဲမှာလည်း အတော်လေး ဂယက်ရိုက်ခတ်ခဲ့ပြီး တကယ်သာ မှန်ကန်ရင် စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်မျိုးလို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် ပါတီ နှစ်ရပ်စလုံးကပါ ဒီဖြစ်စဉ်ကို တိတိကျကျ စုံစမ်းသင့်ကြောင်း တောင်းဆိုလာပါတယ်။ ပြီးတော့ အဲဒီနေ့က စစ်ဆင်ရေးအကြောင်း လွှတ်တော်ဆီ တင်ပြထားရာမှာ နောက်ဆက်တွဲ တိုက်ခိုက်မှု တစ်ခုကိုလည်း လုပ်ဆောင်ခဲ့တယ် ဆိုတဲ့အကြောင်း မပါဝင်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဟက်ဂ်ဆက်သ်ကတော့ Washington Postရဲ့ သတင်းကို ငြင်းဆိုခဲ့ပြီး သူ့ကို နာမည်ဖျက်ပြီး သိက္ခာချတဲ့ အချက်အလက် အမှားတွေ၊ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေလို့ လူမှုကွန်ရက်ပေါ်မှာ တုံ့ပြန် ရေးသားထားခဲ့ပါတယ်။ ထရမ့်ကလည်း သူဟာ ကာကွယ်ရေး ဝန်ကြီးအပေါ် အပြည့်အဝ ယုံကြည်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က စက်တင်ဘာ ၂ ရက်နေ့ ဖြစ်စဉ်မှာ အမေရိကန် ရေတပ်ဟာ ပစ်မှတ်ကို ဒုတိယအကြိမ် တိုက်ခိုက်ခဲ့ကြောင်း အတည်ပြု ဝန်ခံခဲ့ပါတယ်။

အဲဒီဒေသမှာ အမေရိကန်ရဲ့ စစ်ဆင်ရေး လှုပ်ရှားမှုတွေကို ကွပ်ကဲနေတဲ့ သေနာပတိ ဖရန့်ခ် ဘရက်ဒ်လေဟာ သူ့ရဲ့ လုပ်ပိုင်ခွင့် အာဏာအတိုင်း ဥပဒေတွေနဲ့အညီ နောက်ထပ် တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ဖို့ အမိန့်ပေးခဲ့တာသာ ဖြစ်တယ်လို့ လီယာဗစ်က ပြောပါတယ်။ နောက်ဆက်တွဲ တိုက်ခိုက်မှု ထပ်လုပ်ဖို့ ဟက်ဂ်ဆက်သ်က ခွင့်ပြုပေးခဲ့တာ မှန်ကန်ပေမယ့် အားလုံးကို အပြတ်ရှင်းဖို့တော့ အမိန့်မပေးခဲ့ပါဘူးလို့ လီယာဗစ်က ဆိုပါတယ်။

Washington Postရဲ့ သတင်းမှာတော့ ပထမအကြိမ် တိုက်ခိုက်မှုအပြီး မီးလောင်နေတဲ့ လှေပေါ်မှာ အသက်ရှင် ကျန်သူနှစ်ဦး ဖက်တွယ်နေတာကို သိရှိလို့ အမေရိကန် ရေတပ်က ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ လွှတ်တော်အမတ်တွေကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျင့်ဝတ်ပိုင်းအရ စိုးရိမ်စရာတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကို ပြန်လည် ဆန်းစစ်သွားမယ်လို့ ပြောပါတယ်။

ဗင်နီဇွဲလား လှေတွေကို အမေရိကန်က စစ်ရေးအရ ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ ဥပဒေ စည်းမျဉ်းတွေနဲ့ ညီညွတ်ရဲ့လားဆိုတာ အရင်ကတည်းက အငြင်းအခုံတွေ ရှိနေချိန်မှာပဲ လှေတစ်စီးပေါ် အသက်ရှင် ကျန်သူတွေကို အပြတ်ရှင်းဖို့ ကာကွယ်ရေး ဝန်ကြီးက အမိန့်ပေးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့တဲ့ ကိုယ်ခံပညာ တိုက်ခိုက်ရေးပေါင်းစုံ (MMA) အားကစား ပြိုင်ပွဲကို ပစ်မှတ်ထားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုကို ဖော်ထုတ် တားဆီးနိုင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို (FBI)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလား ဒုစရိုက်ဂိုဏ်း တစ်ခုရဲ့ ခေါင်းဆောင်ကို အမေရိကန်က သုတ်သင် ရှင်းလင်းခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်ရှေ့ မြေကွက်လပ်မှာ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး အားကစား (MMA) ပြိုင်ပွဲ ကျင်းပဖို့ သံလှောင်အိမ်ကြီးကို စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။