ပီရူးနိုင်ငံက မြစ်ဆိပ် တစ်နေရာမှာ ကမ်းကပ်ထားတဲ့ မြစ်ကြောင်းသွား ခရီးသည်တင် ရေယာဉ် နှစ်စီးပေါ်ကို ကမ်းပါးပြိုကျလို့ လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၁ ရက် မနက်အစောပိုင်းတုန်းက အမေဇုန် သစ်တောတွေနဲ့ ဆက်စပ်တည်ရှိရာ အူကာယာလီ ဒေသထဲက မြစ်ကြောင်းသွား လှေဆိပ်တစ်ခုမှာ ရပ်နားထားတဲ့ ရေယာဉ်တွေပေါ်ကို ရုတ်တရက် မြေပြိုမှု ဖြစ်ခဲ့တာပါ။ မျက်မြင်တွေရဲ့ အဆိုအရ လှေတစ်စီးဟာ ရွှံ့နွံချပ်တွေ ပိမိပြီး လုံးဝဥဿုံ နစ်မြုပ်သွားသလို နောက်တစ်စီးကလည်း ဆိုးဆိုးရွားရွား ပျက်စီးသွားကြောင်း သိရပါတယ်။
ရေယာဉ်တွေဟာ မြစ်ရိုးတလျှောက် ဆန်တက်ရင်း နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ အမေဇုန် တောတွင်း တိုင်းရင်းသား မျိုးနွယ်စု ကျေးရွာတွေဆီ သွားရောက်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးတွေက အလောင်း ၁၂ လောင်းကို ရှာတွေ့ထားပြီး ၅၀ ဝန်းကျင် ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။ ရေယာဉ် နှစ်စီးပေါ် လိုက်ပါခဲ့တဲ့ စုစုပေါင်း ခရီးသည် အရေအတွက်က ၁၀၀ ကျော်လောက် ရှိမယ်လို့ ယုံကြည်ရပါတယ်။ ဒဏ်ရာရသူတွေကိုတော့ နီးစပ်ရာ ဆေးရုံတွေဆီ အရေးပေါ် တင်ပို့ထားပါတယ်။

Public Service Announcement
ရဲတွေနဲ့ ရေတပ်ဟာ ပျောက်ဆုံးနေသူတွေကို မြစ်ရိုးတလျှောက် အပူတပြင်း လိုက်ရှာနေကြပါတယ်။ ဒါပေမဲ့ အူကာယာလီမြစ်ရဲ့ ရေစီးသန်မှုကြောင့် ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ကနဦး စစ်ဆေးမှုတွေအရ ရေတိုက်စားမှုတွေကြောင့် ကမ်းပါးနံရံတွေ ပြိုကျခဲ့တာ ဖြစ်တယ်လို့ အမျိုးသား အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဦးစီးဌာနက လူမှုကွန်ရက်ပေါ်မှာ ရေးသား ထုတ်ပြန်ခဲ့ပါတယ်။
ရေယာဉ်တွေပေါ်မှာ ကလေးတွေ၊ ကျောင်းဆရာမတွေ၊ ဆရာဝန်တွေ လိုက်ပါခဲ့ကြပြီး ပျောက်ဆုံးစာရင်းမှာ ကလေးတွေပါ ပါဝင်နေတယ်လို့ ယုံကြည်ရကြောင်းလည်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။
ကိုးကား: BBC
















































