ထိုင်ဝမ်ကို လက်နက်ရောင်းချမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် အနေနဲ့ အမြော်အမြင်ရှိရှိ ချင့်ချင့်ချိန်ချိန် ဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့တုန်းက ကမ္ဘာပေါ်မှာ စီးပွားရေး အင်အား အတောင့်တင်းဆုံး ပြိုင်ဘက်နိုင်ငံ နှစ်ခုရဲ့ ခေါင်းဆောင်တွေ ဖုန်းဆက် ဆွေးနွေးခဲ့တဲ့နောက် ရှီက ထိုင်ဝမ်အရေးဟာ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ အရေးအကြီးဆုံး ကိစ္စမျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ကို တရုတ်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် တရားဝင် လက်ခံထားပေမယ့်လည်း ဒီမိုကရေစီ ထွန်းကားတဲ့ ကျွန်းနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ထူထောင်ထားသလို ထိုင်ဝမ်ရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ကို အားပေးဖို့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်လက်နက်တွေ ရောင်းချပေးနေခဲ့ပါတယ်။
ထိုင်ဝမ်ဆီ စစ်လက်နက်တွေ ထောက်ပံ့တဲ့ ကိစ္စမှာ ထရမ့်အနေနဲ့ အမြော်အမြင်ရှိရှိ ချင့်ချင့်ချိန်ချိန် ပြန်လည် သုံးသပ်ဖို့ မျှော်လင့်ကြောင်း ရှီက ဖုန်းထဲမှာ ပြောဆိုခဲ့တယ်လို့ တရုတ် အစိုးရ မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။ ပြီးတော့ တရုတ် အမေရိကန်ကြား တခြား သဘောထား ကွဲလွဲမှုတွေကိုလည်း ညှိနှိုင်းဖြေရှင်းနိုင်အောင် နှစ်ဖက် ပူးပေါင်း အဖြေရှာနိုင်ရေး မျှော်လင့်ထားတယ်လို့ ရှီက ထရမ့်ကို ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။

Public Service Announcement
ထရမ့်ကတော့ ရှီနဲ့ ဖုန်းပြောခဲ့မှုဟာ အချိန်အတော်ကြာပြီး အကောင်းဆုံး ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ် အနောက်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ဖင်လန်၊ ကနေဒါ ခေါင်းဆောင်တွေ မကြာသေးခင်က တရုတ်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေအပြီး ရှီနဲ့ထရမ့်တို့ အခုလို ဖုန်းပြောခဲ့တာ ဖြစ်ပါတယ်။
ထရမ့်က သူကိုယ်တိုင်လည်း ဧပြီလမှာ ဘေဂျင်းကို သွားရောက်ပြီး ရှီနဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ထပ်လောင်း အတည်ပြုသွားပါတယ်။
ထရမ့်က တရုတ်ဟာ အမေရိကန်ဆီက တစ်နှစ်ကို ပဲပိစပ်တန်ချိန် ၁၂ သန်း ဝယ်ယူနေရာကနေ တန်ချိန် သန်း ၂၀ ထိ တိုးမြှင့်မှာယူဖို့ စဉ်းစားနေတယ်လို့လည်း ပြောပါတယ်။
တရုတ်-အမေရိကန် ဆက်ဆံရေးရော၊ သူနဲ့ရှီတို့ရဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုကပါ အကောင်းဆုံး ဖြစ်နေပြီး အဲဒီအတိုင်း ရှေ့ဆက်သွားဖို့လိုကြောင်း ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
ထရမ့်နဲ့ ရှီတို့ဟာ နိုဝင်ဘာလတုန်းက နောက်ဆုံးအကြိမ် ဖုန်းပြောခဲ့ပြီး အဲဒီတုန်းကတော့ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ယူကရိန်းစစ်ပွဲ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ထိုင်ဝမ်ကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း ထရမ့်နဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က အသီးသီး ကြေညာခဲ့ပါတယ်။
အခုတစ်ကြိမ် ဆွေးနွေးမှုမှာတော့ ထိုင်ဝမ်ကိစ္စ၊ ပဲပိစပ် အရောင်းအဝယ် ကိစ္စတွေအပြင် အီရန်မှာ စစ်ရေးတင်းမာနေမှု၊ အမေရိကန်ဆီကနေ တရုတ်က ရေနံနဲ့ ဓာတ်ငွေ့တွေ ဝယ်ယူရေး ကိစ္စတွေကိုပါ ဆွေးနွေးခဲ့တယ်လို့ ထရမ့်က သူထူထောင်ထားတဲ့ လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ရေးသားထားခဲ့ပါတယ်။
ကိုးကား: BBC




















































