အိန္ဒိယနိုင်ငံက ကျောက်မီးသွေးတွင်း တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
မာဂါလာ ပြည်နယ်ထဲက လိုင်စင်မဲ့ တရားမဝင် ခိုးတူးနေတဲ့ ကျောက်မီးသွေးတွင်းမှာ ဖေဖော်ဝါရီ ၅ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီနေရာမှာ အလောင်း ၁၈ ခုရှာတွေ့ထားပြီး အပြင်းအထန် ဒဏ်ရာရထားသူ ၁ ဦးကိုတော့ ဆေးရုံတင်ထားရပါတယ်။
ကြွက်တွင်းနည်းလို့ ခေါ်လေ့ရှိတဲ့ အန္တရာယ်များတဲ့ နည်းစနစ်ကို အသုံးပြုထားတဲ့ ကျောက်မီးသွေးတွင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီနည်းမှာတော့ ကျောက်မီးသွေးသိုက်တွေ ရှိနေတဲ့ နေရာမှာ ဒိုင်းနမိုက်တွေကို သုံးပြီး ကျဉ်းမြောင်းတဲ့ တွင်းတွေ ဖြစ်လာအောင် ဖောက်ခွဲရပါတယ်။ ပြီးမှ အလုပ်သမားတွေက တွားသွားဝင်ရောက်ပြီး ကျောက်မီးသွေးတွေကို တူးထုတ်ယူကြတာ ဖြစ်ပါတယ်။
အိန္ဒိယမှာတော့ အဲဒီနည်းစနစ် အသုံးပြုမှုကို ပိတ်ပင်ထားပေမယ့် ခိုးတူးတဲ့ မိုင်းတွင်းတွေမှာ ဆက်လက် အသုံးပြုနေကြဆဲပါ။

Public Service Announcement
အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေအတွက် ရူပီး ၂ သိန်းစီ၊ တစ်နည်းအားဖြင့် ဒေါ်လာ ၂၂၀၀ ဝန်းကျင်စီ ထောက်ပံ့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒဏ်ရာရခဲ့သူ အတွက်တော့ ရူပီး ၅ သောင်း၊ ဒေါ်လာ ၅၅၀ ဝန်းကျင် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး မိုင်းတွင်းရဲ့ အထဲမှာ ပေါ်ပေါက်ခဲ့တာပါ။ ရဲတွေကတော့ မပေါက်ကွဲဘဲ ကျန်နေတဲ့ ဒိုင်းနမိုက်တစ်ခု ထပေါက်တာ ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။
ပြည်နယ်မြို့တော် ရှီလောင်နဲ့ ၇၂ ကီလိုမီတာ အကွာက တောထဲမှာ ဖြစ်ပွားတဲ့ မိုင်းတွင်း ပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့တဲ့ အမျိုးသားက အခင်းဖြစ်ချိန် အထဲမှာ လူဘယ်နှယောက် ရှိနေခဲ့သလဲ ဆိုတာကို သေချာမသိကြောင်း ပြောပါတယ်။ အလောင်း ၁၈ လောင်းအပြင် နောက်ထပ် ပိတ်မိနေသူတွေရော ကျန်နေသေးသလား ဆိုတာကို လောလောဆယ်မှာ မသိရသေးပါဘူး။
ရဲတပ်ဖွဲ့ဟာ လိုင်စင်မဲ့ မိုင်းတွင်းရဲ့ ပိုင်ရှင်တွေကို လိုက်လံ ရှာဖွေနေပြီး နာမည်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။ သေဆုံးခဲ့တဲ့ မိုင်းတွင်း အလုပ်သမားတွေကို သိရှိသူတွေကတော့ သူတို့အများစုဟာ အာသံပြည်နယ်ကနေ လာရောက် အလုပ်လုပ်နေသူတွေလို့ ဆိုပါတယ်။
အခုဖြစ်ရပ်ဟာ မာဂါလာပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အသေအပျောက် အများဆုံး မိုင်းတွင်း မတော်တဆမှုတွေထဲက တစ်ခုလည်း ဖြစ်လာပါတယ်။ ၂၀၁၈ တုန်းကလည်း ကြွက်တွင်းမိုင်း တစ်ခုထဲ အနီးမှာရှိတဲ့ မြစ်ရေတွေ ဝင်ရောက်မှုကြောင့် မိုင်းတွင်းလုပ်သား ၁၅ ဦး ပိတ်မိခဲ့ပါတယ်။ ကယ်ဆယ်ရေး မစ်ရှင်ဟာ လတွေနဲ့ချီ ကြာမြင့်ခဲ့ပြီး အဆုံးမှာတော့ ၅ ဦးကို ကယ်ထုတ်နိုင်ပြီး အလောင်း ၂ လောင်းကို ရှာတွေ့ခဲ့ပေမယ့် ကျန်တဲ့သူတွေကိုတော့ မတွေ့တော့ဘဲ သေဆုံးသွားပြီလို့ သတ်မှတ်ခဲ့ပါတယ်။
ကိုးကား: BBC

















































