Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ်ရဲ့ ပါတီ အနိုင်ရဖို့ သေချာလာ၊ ညွန့်ပေါင်း အစိုးရဖွဲ့ရေး စတင်ပြင်ဆင်

ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရဖို့ သေချာသလောက် ဖြစ်လာတဲ့နောက် ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် ဦးဆောင်တဲ့ ဘွန်ဂျိုင်ထိုင်း (BJT) ပါတီဟာ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေးကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ဆွေးနွေးမှုတွေ စတင်လာဖွယ် ရှိနေကြောင်း သိရပါတယ်။

ဓာတ်ပုံ - EPA

ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရဖို့ သေချာသလောက် ဖြစ်လာတဲ့နောက် ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် ဦးဆောင်တဲ့ ဘွန်ဂျိုင်ထိုင်း (BJT) ပါတီဟာ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေးကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ဆွေးနွေးမှုတွေ စတင်လာဖွယ် ရှိနေကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရဲ့ မဲရလဒ်တွေကို တရားဝင် မကြေညာသေးပေမယ့် လေ့လာစောင့်ကြည့်သူတွေရဲ့ ခန့်မှန်းချက်အရ BJTဟာ လွှတ်တော်အမတ်နေရာ အများဆုံးနဲ့ အောင်ပွဲခံခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ကွန်ဆာဗေးတစ် နိုင်ငံရေး ပါတီအတွက် အံ့ဩကျေနပ်စရာ ဖြစ်လာခဲ့ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် လူထုအမြင် စစ်တမ်း အများစုမှာတော့ ပြုပြင်ပြောင်းလဲရေးပါတီ (PP)က အနိုင်ရမယ်လို့ ရေပန်းစားနေခဲ့တာပါ။

PPရဲ့ ခေါင်းဆောင် နတ်တာဖောင် ရွန်ပညာဝတ်ကတော့ သူ့ရဲ့ပါတီဟာ အနိုင်ရနိုင်ခြေ မရှိတော့ဘူးလို့ ဝန်ခံပြီး အတိုက်အခံ အနေနဲ့ပဲ ရပ်တည်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အရင်ကတည်းက သူပြောခဲ့သလိုပဲ လွှတ်တော်ထဲမှာတော့ BJTကို နောက်ထပ် အစိုးရဖွဲ့မှုအတွက် မဲပေးမှာ မဟုတ်ဘူးလို့ နတ်တာဖောင်က ဆိုပါတယ်။

BJTနဲ့ PPတို့ဟာ ထိုင်းမှာ အနူတင် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ယာယီ လက်တွဲခဲ့ဖူးပေမယ့် BJTက ကတိတွေ ဖျက်ခဲ့တယ်လို့ PPက စွပ်စွဲပြီး အဲဒီ သဘောတူညီမှု ပြိုကွဲခဲ့ပါတယ်။ ညွန့်ပေါင်းအစိုးရလည်း ပျက်ပြယ်သွားတဲ့အတွက် အနူတင်ဟာ လွှတ်တော်ကို ဖျက်သိမ်းစေပြီး ရွေးကောက်ပွဲ ကျင်းပစေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မဲရလဒ်တွေ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက် ရေတွက်ပြီးချိန်မှာ BJTဟာ အောက်လွှတ်တော် အမတ်နေရာ ၁၉၄ ခုထိ ရရှိထားပြီ ဖြစ်ပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲတုန်းက BJTဟာ အမတ် ၇၁ နေရာပဲ ရရှိခဲ့တာကြောင့် ဒါဟာ နှစ်ဆခွဲလောက် ခုန်တက်လာတဲ့ ကိန်းဂဏန်းပါ။ BJTဟာ အောက်လွှတ်တော်အမတ် နေရာ ၂၀၀ ဝန်းကျင်ထိ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီအရေအတွက်ဟာ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အမတ်နေရာ ၂၅၁ ဦးအထက်ထိ ပိုင်ဆိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်အတွက်တော့ မပြည့်မီပါဘူး။ ဒါကြောင့် BJTဟာ တခြားပါတီတစ်ခု၊ ဒါမှမဟုတ် တစ်ခုထက်ပိုအောင် စည်းရုံးပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေအရ တတိယ ချိတ်နေတဲ့ ဖျူထိုင်းပါတီ (PTP)ဟာ BJTနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြေ မြင့်မြင့်မားမား ရှိနေတယ်လို့ ယုံကြည်ရပါတယ်။ PTPဟာ လောလောဆယ် အမတ်နေရာ ၇၆ ခုလောက် ရရှိထားပြီး ၂၀၂၃ ခုနှစ်တုန်းက ၁၄၁ နေရာ အနိုင်ရဖူးတဲ့ အခြေအနေနဲ့ ယှဉ်ရင် သိသိသာသာ ဆုတ်ယုတ်သွားခဲ့ပါတယ်။

BJTဟာ အရင်က PTP ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရထဲမှာ ပါဝင်ခဲ့ဖူးပေမယ့်လည်း PTPရဲ့ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ ဖုန်းပြောရာမှာ ထိုင်းစစ်တပ်ကို ပုတ်ခတ်တဲ့ စကားတွေ ပြောဆိုခဲ့ကြောင်း အသံဖိုင် ပေါက်ကြားမှုအပြီး BJTက ဆန္ဒပြ နုတ်ထွက်ခဲ့သလို PTPရဲ့ အစိုးရလည်း ပြိုကွဲခဲ့ပါတယ်။ အဲဒီနောက်မှာ BJTဟာ PPကို စည်းရုံးပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့ခဲ့သလို အနူတင်က ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။

PPကတော့ လက်ရှိမှာ အမတ်နေရာ ၁၁၆ ခုလောက် အတွက်သာ မဲပေး ရွေးချယ် ခံထားရပါတယ်။ ဒါဟာ ၂၀၂၃ ရွေးကောက်ပွဲတုန်းက PP မတိုင်ခင် ရှေ့သို့ချီပါတီ (MFP) နာမည်နဲ့ ယှဉ်ပြိုင်ခဲ့တုန်းက ရရှိခဲ့တဲ့ အမတ်နေရာ ၁၅၁ ခုကနေ ကျဆင်းသွားတာ ဖြစ်ပါတယ်။

စက်တင်ဘာလမှာ ထိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့တဲ့ အနူတင်ကတော့ ရွေးကောက်ပွဲ ရလဒ်တွေကို တရားဝင် မထုတ်ပြန်သေးချိန်မှာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ဖြစ်နိုင်ခြေတွေကို လူသိရှင်ကြား မဆွေးနွေးချင်သေးကြောင်း ပြောပါတယ်။

ထိုင်းနိုင်ငံရေး အကဲခတ် တစ်ဦးဖြစ်တဲ့ နာပေါင် ဂျာတူဆရီပီတက်ခ်ကတော့ BJTဟာ အစိုးရ ဖွဲ့စည်းဖို့ ကိစ္စကို ခပ်သွက်သွက် အကောင်အထည် ဖော်လာနိုင်ခြေရှိကြောင်း၊ ပြီးတော့ အားကောင်းတဲ့ ညွန့်ပေါင်း အစိုးရ တစ်ရပ်ကို ထူထောင်နိုင်ဖွယ် ရှိနေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

လေ့လာစောင့်ကြည့်သူတွေကတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကမ္ဘောဒီးယားနဲ့ စစ်ရေး ပဋိပက္ခဟာ မဲပေးသူ အများအပြားရဲ့ အတွေးအမြင်ကို လွှမ်းမိုးခဲ့ပြီး စစ်တပ်နဲ့ နီးစပ်တဲ့ BJTအတွက် ထောက်ခံမဲတွေ တိုးလာစေခဲ့ဟန်ရှိကြောင်း ပြောပါတယ်။

ထိုင်းရွေးကောက်ပွဲဟာ ရှိရင်းစွဲ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်သင့်သလားဆိုတဲ့ လူထုဆန္ဒခံယူ မဲပေးမှုတွေကိုပါ တစ်ပါတည်း ကောက်ယူခဲ့ပြီး ၆၀ ရာခိုင်နှုန်းလောက်က ပြောင်းလဲသင့်တယ်လို့ ထောက်ခံမဲ ပေးခဲ့ကြကြောင်း သိရပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘယ်လိုပြင်ဆင် ပြောင်းလဲမလဲ ဆိုတာတွေကိုတော့ တိတိကျကျ မသတ်မှတ်ရသေးပေမယ့် BJT ဦးဆောင်တဲ့ အစိုးရသစ်ဟာ အဲဒီ ပြုပြင်ပြောင်းလဲရေး ပရောဂျက်တွေကို အဓိက ဦးဆောင်မှု ပေးလာမယ့် သဘောပါ။ BJTရဲ့ ကွန်ဆာဗေးတစ် အယူအစွဲညာဉ်ကြောင့် အကြီးစား အပြောင်းအလဲတွေ ဖြစ်လာနိုင်ခြေ နည်းပါးသွားမယ်ဆိုတဲ့ ထင်ကြေးတွေလည်း ရှိနေပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။