ဖေဖော်ဝါရီ – ၁၂ ၊၂၀၂၆
ထိုင်းစာသင်ကျောင်းတစ်ခုမှာသေနတ်သမားတစ်ဦးပစ်ခတ်တာခံခဲ့ရတဲ့ ကျောင်းအုပ်ဆရာမကြီးဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ၁၁ရက်ကကျောင်းအုပ်ဆရာမကြီး ဆာဆီဖတ် ဆင်ဆာမွန်ဆွန်နဲ့ ကျောင်းသူ မိန်းကလေး တစ်ဦးတို့ဟာ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရခဲ့ပါတယ်။

သေနတ်သမားဟာထိုင်းနိုင်ငံ တောင်ပိုင်း၊ ဟတ်ယိုင်မြို့နားမှာရှိတဲ့ စာသင်ကျောင်းထဲကို ဝင်ရောက်ပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ထိုင်းလူမှုကွန်ရက်သုံးစွဲသူတွေကတော့အသက် ၄၆နှစ်အရွယ် ကျောင်း အုပ်ဆရာမကြီး ဆာဆီဖတ်ဟာ ကျောင်းသူကျောင်းသားတွေကို ကူညီကာကွယ်ပေးဖို့ ကြိုးစားရင်း ကျည်ဆန် ထိမှန်တယ်လို့ ဖော်ပြနေခဲ့ကြပါတယ်။
ဆာဆီဖတ်ဟာဖေဖော်ဝါရီ ၁၂ ရက် မနက်အာရုဏ်မတက်ခင်မှာကွယ် လွန်ခဲ့တယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။
သူနဲ့အတူ ဒဏ်ရာရခဲ့တဲ့မိန်းကလေးရဲ့အခြေအနေကတော့ တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။ ပြီးတော့ ပစ်ခတ်မှုတွေအတွင်း ကျောင်းပြတင်းပေါက်ကနေ ကြောက်လန့်တကြားခုန်ချခဲ့တဲ့နောက်ထပ်ကျောင်းသားတစ်ယောက် လည်း ဆေးရုံတက်နေဆဲပါ။
ပစ်ခတ်မှုအတွင်း ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမ ရာဂဏန်းလောက်ဟာ ဖက်တွန်ပရာသန် ခီရီဝတ်ကျောင်းရဲ့ အဆောက်အအုံတွေထဲမှာ ပိတ်မိနေခဲ့ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သေနတ်သမားကို ပြေးပေါက်မရှိအောင် ဝိုင်းပိတ်ထားခဲ့ပြီးတဲ့နောက် ၂ နာရီလောက် အကြာမှာ လက်နက်ချ အညံ့ခံခဲ့ပါတယ်။

စာသင်ကျောင်းပစ်ခတ်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် သံသယရှိသူဟာကျောင်းကဆရာမ တစ်ယောက် ယောက်အပေါ် အငြှိုးထားပြီး တိုက်ခိုက်ခဲ့တာလို့ ယုံကြည်ရကြောင်း သတင်းတွေက ဖော်ပြပါတယ်။
စာသင်ကျောင်းရဲ့ Facebook စာမျက်နှာမှာတော့ ကျောင်းအုပ်ကြီး ကွယ်လွန်မှုအတွက် အထူးဝမ်းနည်း ကြေကွဲကြောင်း ဖော်ပြထားပါတယ်။ ကျောင်းအုပ်ကြီးကို ဆုံးရှုံးခဲ့ရပေမယ့် သူရဲ့ ကြင်နာမှုနဲ့ အမှတ်တရတွေကတော့ အမြဲတမ်း ရှင်သန်နေမယ်လို့ ကျောင်းဖက်က ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ သေနတ်ကိုင် မှုခင်းတွေ ဖြစ်ပွားနှုန်းဟာ သိပ်ပြီး မနည်းလှဘူးလို့ ဆိုနိုင်ပါတယ်။ နိုင်ငံအနှံ့မှာ တရားဝင်ရော၊ တရားမဝင်ပါ လက်နက် ကိုင်ဆောင်သူ အများအပြား ရှိနေပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံဟာ အသေအပျောက် များပြားတဲ့ သေနတ်ကိုင် မှုခင်းဖြစ်ရပ်တွေကို ကြုံခဲ့ဖူးပါတယ်။
မနှစ်တုန်းက ဘန်ကောက်မှာရှိတဲ့ အစားအသောက် စျေးတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ငါး ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၃ တုန်းက ဘန်ကောက်မြို့လယ်က စျေးဝယ်စင်တာကြီး တစ်ခုမှာ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး ပစ်သတ်လို့ နှစ်ဦးသေဆုံးပြီးငါးဦးဒဏ်ရာရခဲ့ပါတယ်။
အဲဒီ မတိုင်ခင် တစ်နှစ်တုန်းက ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက မူကြိုကျောင်း တစ်ခုကို ရဲအရာရှိဟောင်း တစ်ဦးက ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် အများစု အပါအဝင် ၃၆ ဦး သေဆုံးခဲ့ပြီး နိုင်ငံသမိုင်းမှာ အဆိုးဆုံး စာရင်းဝင် အစုအပြုံလိုက် ပစ်ခတ်မှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ကိုးကား – BBC ၊ ဓာတ်ပုံ – Thai Enquirer

















































