အမေရိကန် အောက်လွှတ်တော်ရဲ့ ကြားနာမှု တစ်ခုမှာတော့ အပ်စတိန်းဖိုင်တွေ ကိစ္စကို အကြောင်းပြုပြီး ရှေ့နေချုပ် ပမ်ဘွန်ဒီနဲ့ ဒီမိုကရက်တစ်ပါတီ အမတ်တွေကြား စကားအခြေအတင် ဖြစ်မှုတွေ ပြင်းထန်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့ ကြားနာမှုဟာ တရားရေး ဝန်ကြီးဌာနရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ဆန်းစစ်ဖို့လို့ ခေါင်းစဉ်တပ်ထားပေမယ့် အဓိက ခေါင်းစဉ်က အပ်စတိန်းဖိုင်တွေ ကိစ္စအဖြစ် ချက်ချင်း ကူးပြောင်းသွားခဲ့ပါတယ်။ အပ်စတိန်းဖိုင်တွေ ဆိုတာဟာ သေဆုံးသွားပြီဖြစ်တဲ့ သက်ငယ် လိင်အကြမ်းဖက်သမား၊ လူမှောင်ခိုသမား စီးပွားရေး လုပ်ငန်းရှင်ဟောင်း အပ်စတိန်းကို တရားစီရင် စစ်ဆေးထားတဲ့၊ အမှုနဲ့ ပတ်သက်လို့ စုံစမ်းထားတဲ့ ဖိုင်တွေကို ဆိုလိုတာပါ။ အပ်စတိန်းဟာ လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့သလို အပ်စတိန်း ဖိုင်တွေထဲမှာလည်း ထရမ့်နာမည်ကို မကြာခဏ ညွှန်းဆိုထားတဲ့ မှတ်တမ်းတွေ ရှိနေတဲ့အတွက် အတိုက်အခံ ဒီမိုကရက်တစ် ပါတီက ပိုပြီး အာရုံစိုက်စရာ ဖြစ်ခဲ့ပါတယ်။
အမေရိကန်မှာ ရှေ့နေချုပ်ဟာ တရားရေး ဝန်ကြီးလည်း ဖြစ်ပါတယ်။ ဘွန်ဒီဦးဆောင်နေတဲ့ တရားရေး ဝန်ကြီးဌာနဟာ အပ်စတိန်း ဖိုင်တွေကို အပြည့်အဝ ထုတ်ပေးဖို့ တောင်းဆိုမှုတွေကို လတွေနဲ့ချီကြာအောင် ငြင်းဆိုနေခဲ့ပြီး နောက်ဆုံးမှာတော့ ထရမ့်ရဲ့ အမိန့်အရ ဖိုင်တွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အခုကြားနာမှုမှာတော့ ဘွန်ဒီရဲ့ ဌာနက ဒီကိစ္စ တစ်ခုလုံးကို ကိုင်တွယ်ခဲ့ပုံတွေအပေါ် ဒီမိုကရက်တစ် အမတ်တွေက ဝိုင်းဝန်း ထိုးနှက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ဘွန်ဒီ ကိုယ်တိုင်ကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ဖို့ ရှောင်လွှဲခဲ့တယ် ဆိုတာမျိုး စွပ်စွဲ ခံခဲ့ရပါတယ်။
ကြားနာမှုကို အပ်စတိန်းရဲ့ သားကောင်ဖြစ်ခဲ့ဖူးသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေလည်း တက်ရောက် နားထောင်ခဲ့ပါတယ်။ အောက်လွှတ်တော် အမတ်တွေက ထရမ့် အစိုးရဟာ အပ်စတိန်းရဲ့ သားကောင်တွေကို တွေ့ဆုံတာမျိုး၊ ကူညီတာမျိုး ဘာမှ မရှိခဲ့တဲ့အပြင် လူထုက သိသင့်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ဖို့ နှောင့်နှေးတာ၊ အကြီးစား ပြင်ဆင်တည်းဖြတ်တာတွေပါ လုပ်ခဲ့တယ်လို့ ဒီမိုကရက်တွေက ပြောပါတယ်။ အမတ်တစ်ဦးကဆိုရင် ဘွန်ဒီဟာ အပ်စတိန်းရဲ့ သားကောင်ဖြစ်ခဲ့သူတွေကို ပြန်တောင်းပန်သင့်တယ်လို့တောင် တောင်းဆိုခဲ့ပါတယ်။

Public Service Announcement
ဘွန်ဒီကတော့ ထရမ့်ဖက်က အသည်းအသန် ကာကွယ်သွားပြီး ဒီမိုကရက်တစ် အမတ်တွေနဲ့ အခြေအတင်တွေ ဖြစ်ခဲ့ပါတယ်။ သူဟာ ဝန်ကြီးဌာနရဲ့ တခြားလုပ်ငန်းစဉ်တွေဆီ စကားလွှဲဖို့ ကြိုးစားခဲ့သလို ဘွန်ဒီ အမဲဖျက်ခံနေရတာကို ကူညီဖို့ ရီပတ်ဘလစ်ကန် အမတ်တွေကလည်း တခြားအကြောင်းအရာတွေဆီ ကူးပြောင်း ဆွေးနွေးဖို့ အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ရှေ့နေချုပ် ဖြစ်လျက်နဲ့ ပြစ်မှုကျူးလွန်သူတွေနဲ့ တစ်ဖက်တည်း ရပ်တည်သလို လုပ်ရပ်တွေကို ဘွန်ဒီက လုပ်နေတယ်လို့ ဒီမိုကရက်တစ် အမတ်တစ်ဦးဖြစ်တဲ့ ဂျေမီ ရက်စ်ကင်က ပြောပါတယ်။ အဲဒီလမ်းကြောင်းကို မြန်မြန် မပြောင်းနိုင်ရင် ဒီပုံရိပ်ဟာ ဘွန်ဒီရဲ့ ဆိုးမွေအဖြစ် ကျန်ခဲ့မှာဖြစ်ကြောင်း၊ တရားရေးဌာနကို ဦးဆောင်နေလျက်နဲ့ ဘွန်ဒီဟာ အပ်စတိန်း အရှုပ်တော်ပုံမှာ ကွယ်ဝှက်ပေးတာတွေ လုပ်နေကြောင်း ရက်စ်ကင်က စွပ်စွဲခဲ့ပါတယ်။
မေရီလန်းပြည်နယ် ကိုယ်စားပြု အဲဒီအမတ်နဲ့ အခြေအတင် ဖြစ်ခဲ့တဲ့နောက် ဘွန်ဒီက ရက်စ်ကင်ဟာ အရည်အချင်း မရှိတဲ့ အရှုံးသမား ရှေ့နေတစ်ယောက်၊ ရှေ့နေတောင် မဖြစ်သင့်တဲ့သူ တစ်ယောက်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒီကြားနာမှုမှာ ဘွန်ဒီဟာ အတော်ကြီး ရုန်းကန်ခဲ့ရပြီး ထရမ့်ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေအပေါ် သူ့ရဲ့ ဝန်ကြီးဌာနက ဥပဒေကြောင်းအရ ပစ်မှတ်ထား စုံစမ်းမှုတွေနဲ့ ပတ်သက်လို့လည်း မေးခွန်း ထုတ်ခံခဲ့ရပါတယ်။ ဘွန်ဒီကတော့ ထရမ့်ဖက်က မားမားရပ်ပြီး ကာကွယ်ခဲ့သလို ထရမ့်ကသာ သိက္ခာကျအောင် တမင်ရည်ရွယ်ထားတဲ့ တရားစွဲဆိုမှုတွေ၊ ပြစ်တင်ရှုတ်ချမှုတွေရဲ့ သားကောင် ဖြစ်ခဲ့ကြောင်း တုံ့ပြန်သွားပါတယ်။
ဘွန်ဒီက သူ့ကို ထိုးနှက်တဲ့ မေးခွန်းပိုင်ရှင်တွေကို တုံ့ပြန် လှောင်ပြောင်ရင်း ထရမ့်ရဲ့ အောင်မြင်မှုတွေကို ဂုဏ်တင် ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် ဒီမိုကရက်တစ်ပါတီ အမတ်တွေဟာ ကိုယ့်နိုင်ငံရဲ့ သမ္မတကို တိုက်ခိုက်နေကြတာဖြစ်ပြီး ဒါကို သူလုံးဝ လက်မခံနိုင်ဘူးလို့ ဘွန်ဒီက ဆိုပါတယ်။
ကြားနာမှုဟာ ၅ နာရီလောက် ကြာပြီးတဲ့နောက်မှာ အဆုံးသတ်ခဲ့ပါတယ်။ ရီပတ်ဘလစ်ကန် အမတ်တွေက လက်ရှိ အစိုးရ လက်ထက်မှာ မှုခင်းအရေအတွက် ကျဆင်းသွားတာမျိုး အချက်အလက်တွေကို ဝင်ဆွေးနွေးပြီး ဘွန်ဒီကို ကူညီပေးခဲ့တာကိုလည်း တွေ့ရပါတယ်။
ကြားနာမှုအတွင်းမှာ နောက်ထပ် အာရုံစိုက်စရာ ဖြစ်ခဲ့တာ တစ်ခုကတော့ ဘွန်ဒီနဲ့ အခြေအတင် ငြင်းခုံမှုတွေကို အကြောင်းပြုပြီး ဗားမောင့် အောက်လွှတ်တော်အမတ် ဘက္ကာ ဘာလင့်က ကြားနာမှု အစီအစဉ်ကနေ ထွက်ခွာသွားခြင်း ဖြစ်ပါတယ်။
ဘွန်ဒီအနေနဲ့ အပ်စတိန်းကိစ္စနဲ့ ပတ်သက်ပြီး ထရမ့်ကိုရော စစ်ဆေးရဲသလားလို့ မေးခဲ့တဲ့အခါ ဘွန်ဒီက မေးခွန်းကို မဖြေဘဲ ဒီမိုကရက်တစ် အမတ်တွေဟာ ထရမ့်ရဲ့ ကြီးမြတ်တဲ့ အောင်မြင်မှုတွေ၊ စွမ်းဆောင်ရည်တွေကိုတောင် မမြင်နိုင်ဘဲ အပ်စတိန်းကိစ္စကို အကြောင်းပြုပြီး လုပ်ကြံ အပုပ်ချဖို့ ကြိုးစားနေကြတယ်လို့ တုံံ့ပြန်သွားခဲ့ပါတယ်။
ကိုးကား: AP
ဓာတ်ပုံ – AP

















































