Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နာမည်ကြီး မူးယစ်ရာဇာ တစ်ဦးကို သုတ်သင်ခဲ့ကြောင်း မက္ကဆီကို အစိုးရပြော

မက္ကဆီကိုရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး မူးယစ်ရာဇာ တစ်ဦးကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း မက္ကဆီကို အစိုးရက အတည်ပြုခဲ့ပါတယ်။

မက္ကဆီကိုရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး မူးယစ်ရာဇာ တစ်ဦးကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း မက္ကဆီကို အစိုးရက အတည်ပြုခဲ့ပါတယ်။

အယ်လ်မန်ချိုဆိုတဲ့ နာမည်နဲ့ လူသိများတဲ့ နီမက်စီယို အော့ဆေဂူရာကို စစ်ရေးအရ စီးနင်းမှု မစ်ရှင်တစ်ခုမှာ ရှင်းလင်းပစ်နိုင်ခဲ့တယ်လို့ မက္ကဆီကို ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သူ့ကို အရှင်ဖမ်းမိခဲ့ပေမယ့် ဒဏ်ရာတွေ ပြင်းထန်တာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၅၉ နှစ်အရွယ် အယ်လ်မန်ချိုဟာ မက္ကဆီကိုမှာ ဩဇာကြီးမားတဲ့ ဂျယ်လစ္စကို မျိုးဆက်သစ် ကာတယ်လ် (CJNG)ဆိုတဲ့ မူးယစ်မှောင်ခိုဂိုဏ်းကို အဓိက ဦးဆောင်နေသူ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့တုန်းက ဂျယ်လစ္စကို ပြည်နယ်ရဲ့ ပစိဖိတ် သမုဒ္ဒရာနဲ့ ထိစပ်ရာ ကမ်းရိုးတန်း မြို့လေးတစ်ခုဖြစ်တဲ့ တာပယ်လ်ပါမှာ မက္ကဆီကို အထူးတပ်ဖွဲ့ဝင်တွေက စစ်ဆင်ရေး တစ်ရပ်နဲ့ စီးနင်းတိုက်ခိုက်ပြီး အယ်လ်မန်ချိုကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်ဘွမ်းဟာ မူးယစ်မှောင်ခိုဂိုဏ်းတွေကို ထိထိရောက်ရောက် နှိမ်နင်းပေးဖို့ အမေရိကန် အစိုးရဆီက ပြင်းထန်တဲ့ ဖိအားပေးမှုတွေကို ကြုံနေရပါတယ်။ မက္ကဆီကိုမှာ ထုတ်လုပ်တဲ့ မူးယစ်ဆေးတွေ၊ အထူးသဖြင့် ဖန်တနဲလ် မူးယစ်ဆေးတွေဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး အမေရိကန်ဆီ မှောင်ခိုဝင်ရောက်နေပါတယ်။

အယ်လ်မန်ချိုရဲ့ အလောင်းဟာ အမျိုးသား အစောင့်တပ်ရဲ့ အထူးတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်ပြီး လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ယာဉ်တန်းနဲ့အတူ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ မက္ကဆီကိုစီးတီး မြို့တော်ဆီ ရောက်လာခဲ့ပါတယ်။ မက္ကဆီကို အထူးတပ်ဖွဲ့တွေဟာ အမေရိကန်က ထောက်ပံ့တဲ့ ထောက်လှမ်းရေး သတင်းတွေကို အခြေခံပြီး စီးနင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

အယ်လ်မန်ချို သေဆုံးသွားကြောင်း အတည်ပြု သိရှိပြီးတဲ့နောက် သူ့ရဲ့ ဂိုဏ်းသားတွေက အကြမ်းပတမ်း နည်းလမ်းတွေနဲ့ လက်တုံ့ပြန်မှုတွေ ရှိလာပါတယ်။ ပြည်နယ်ပေါင်း ၆ ခုလောက်မှာ CJNGနဲ့ ဆက်စပ် မူးယစ်ဂိုဏ်းတွေက အဝေးပြေး လမ်းမတွေကို ပိတ်ဆို့တာ၊ ကားတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို မီးတင်ရှို့တာတွေ လုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးတဲ့ သတင်းတော့ မကြားရပါဘူး။

ဂျယ်လစ္စကို ပြည်နယ်ရဲ့ ထင်ရှားတဲ့ ပွာတို ဗယ်လာတာ အပန်းဖြေ ကမ်းခြေမှာတော့ လာရောက် အပန်းဖြေနေတဲ့ ခရီးသွား ဧည့်သည်တွေဟာ အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။ ပင်လယ်အော် တဝိုက် နေရာအနှံ့မှာ မီးခိုးလုံးတွေ အူထွက်နေတာကို လှမ်းမြင်ခဲ့ရပြီး စစ်မြေပြင် ရောက်နေသလို ခံစားခဲ့ရတယ်လို့ ဧည့်သည် တစ်ဦးက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။

လက်ရှိမှာတော့ Air Canada၊ United Airlines၊ Aeromexicoနဲ့ အမေရိကန် လေကြောင်းလိုင်း တချို့ဟာ ဂျယ်လစ္စကိုဆီ ပျံသန်းတဲ့ ခရီးစဉ်တွေကို ဆိုင်းငံ့ထားပါတယ်။ မက္ကဆီကို အစိုးရကလည်း CJNGရဲ့ တုံ့ပြန်မှုတွေကို ကိုင်တွယ်ဖို့ လုံခြုံရေး အစီအမံတွေ တိုးမြှင့်ထားမယ်လို့ ပြောပါတယ်။

အယ်လ်မန်ချိုရဲ့ ဦးဆောင်မှုအောက်မှာ CJNGဟာ မူးယစ်မှောင်ခို လုပ်ငန်းတင် မကဘဲ စုံလင်တဲ့ ဒုစရိုက်မှုတွေကို ကျူးလွန်နေတဲ့ အစုအဖွဲ့ တစ်ခုအသွင် ပြောင်းလဲလာပါတယ်။ မက္ကဆီကိုမှာတော့ CJNGဟာ လောင်စာဆီ ခိုးယူမှု၊ ငွေညှစ်မှု၊ လူမှောင်ခိုမှု၊ ငွေကြေးလိမ်လည်မှုတွေမှာပါ ဆက်နွှယ်လာပါတယ်။ CJNGဟာ ဩဇာခံနယ်မြေ ချဲ့ထွင်ရေးအတွက် အနောက်မက္ကဆီကို ဒေသမှာ ဒရုန်းတွေကို စစ်ဆင်ရေးအဆင့် ရှေ့ဆောင်လမ်းပြ အသုံးပြုခဲ့တဲ့ ဂိုဏ်းလည်း ဖြစ်လာခဲ့ပါတယ်။

ကိုးကား: CNN

ဓာတ်ပုံ – AP, Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးရဲ့ ပထမဆုံး ဖွင့်ပွဲ အစီအစဉ်တွေကို မက္ကဆီကို နိုင်ငံမှာ ကျင်းပသွားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ရှိနေတာကြောင့် စာသင်နှစ်ကို ပုံမှန်ထက် တစ်လကျော်လောက် စောပြီး အဆုံးသတ်၊ ကျောင်းတွေကို ပိတ်ထားဖို့ မက္ကဆီကိုမှာ စီစဉ်ခဲ့ပေမယ့် မိဘတွေက ကန့်ကွက်လို့ မအောင်မြင်ခဲ့ပါဘူး။

နိုင်ငံတကာ

မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင်တစ်ဦး သေဆုံးမှုအပြီး ဖြစ်ပေါ်လာတဲ့ လက်စားချေ တိုက်ခိုက်မှုတွေကို နှိမ်နင်းဖို့ မက္ကဆီကို အစိုးရဟာ စစ်တပ်အင်အား ထောင်နဲ့ချီ ဖြန့်ကျက် အသုံးပြုထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန် နိုင်ငံပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ၇၀ ကျော်ကို ရှင်းလင်း သုတ်သင်နိုင်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ကြေညာခဲ့ပါတယ်။