Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ အမေရိကန်ဖက်က အသေအပျောက်တွေ စကြုံတွေ့လာ

အီရန် စစ်ပွဲမှာ အမေရိကန်ဖက်က ပထမဆုံး အသေအပျောက်တွေ ရှိလာပြီလို့ အမေရိကန် စစ်တပ်က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

မတ် -၂ ၊၂၀၂၆

အီရန် စစ်ပွဲမှာ အမေရိကန်ဖက်က ပထမဆုံး အသေအပျောက်တွေ ရှိလာပြီလို့ အမေရိကန် စစ်တပ်က ကြေညာခဲ့ပါတယ်။

အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီး အီရန်ရဲ့ အရေးပါတဲ့ နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင်တွေကိုပါ သုတ်သင်နိုင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်ဟာ ထိခိုက်သေဆုံးမှု စာရင်းတွေကို မထုတ်ပြန်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်တစ်နေ့ဖြစ်တဲ့ မတ်လ ၁ ရက်မှာတော့ အမေရိကန် စစ်သည် ၃ ဦး ကျဆုံးပြီး နောက်ထပ် ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ကြေညာပါတယ်။ ဒါဟာ အီရန်စစ်ဆင်ရေးမှာ အမေရိကန်ဖက်က ပထမဆုံး သွေးမြေကျမှု ဖြစ်လာပါတယ်။

နောက်ထပ် အမေရိကန် စစ်သားတချို့ဟာလည်း အပျက်အစီး အစအနတွေ ထိမှန်တဲ့ ဒဏ်ရာအနည်းအကျဉ်း ရခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်က အဲဒီစစ်သည်တွေ သေဆုံး ဒဏ်ရာရမှုဟာ ဘယ်နေရာမှာ၊ ဘယ်လိုကြောင့် ဖြစ်ပျက်ခဲ့သလဲ ဆိုတာကိုတော့ မကြေညာပါဘူး။ သတင်းရင်းမြစ် တချို့ကတော့ ကူဝိတ်က အမေရိကန် စစ်စခန်း တစ်ခုမှာ သေဆုံးမှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတ ဒေါ်နယ်လ်ထရမ့်က ကျဆုံး အမေရိကန် စစ်သည်တွေအတွက် လက်စားချေပြီး အီရန်ကို အပြင်းထန်ဆုံး ထိုးနှက်သွားမယ်လို့ လူမှုကွန်ရက်မီဒီယာ Truthပေါ်မှာ ဗီဒီယိုတစ်ခု လွှင့်တင်ပြီး ပြောကြားခဲ့ပါတယ်။ သူက အီရန်နဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ စစ်ရေးရည်မှန်းချက်အားလုံး ပြီးပြည့်စုံတဲ့ထိ ဆက်လက် စစ်ဆင်နွှဲရာမှာ အမေရိကန် တပ်ဖွဲ့ဝင် အသေအပျောက်တွေ ဒီထက်လည်း ပိုရှိလာနိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ စိတ်မကောင်းစရာ ဖြစ်ပေမယ့် ဒီကိစ္စကြီး မပြီးသေးခင် နောက်ထပ် သေဆုံးမှုတွေ ဆက်ရှိလာနိုင်တယ်လို့ ထရမ့်က ပြောပါတယ်။

ဓာတ်ပုံ – Getty

အမေရိကန်ဟာ အရမ်းကြီးမားတဲ့ စစ်ဆင်ရေးကြီး တစ်ခုကို ဆင်နွှဲနေကြောင်း၊ အဲဒီ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ လက်ရှိ အမေရိကန် မျိုးဆက်ရဲ့ လုံခြုံရေး အတွက်သာ မကဘဲ သားသမီး၊ မြေးမြစ်တွေရဲ့ အနာဂတ် အတွက်ပါ စိတ်ချရစေဖို့ဖြစ်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

အမေရိကန်ဟာ မှန်ကန်တဲ့ ကိစ္စတွေကို လုပ်နေတာဖြစ်ပြီး အမေရိကန် ပြည်သူတွေ အနေနဲ့ အစွန်းရောက်ပြီး သွေးဆာနေတဲ့ အကြမ်းဖက် အစိုးရတစ်ခုက နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်သွားတဲ့ ခြိမ်းခြောက်မှုမျိုး ဘယ်တော့မှ ကြုံမလာရတာ သေချာစေဖို့လိုကြောင်း ထရမ့်က ဆိုပါတယ်။

မတ်လ ၁ ရက်နေ့ထိ စစ်ဆင်ရေး အခြေအနေအရ အီရန်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ၄၈ ဦးထက် မနည်းကို အမေရိကန်နဲ့ အစ္စရေးက ပူးပေါင်း သုတ်သင်နိုင်ခဲ့ပြီး ဖြစ်သလို အီရန်ရေတပ်အင်အားကို စတင် ဖျက်ဆီးနေပြီလို့ ထရမ့်က ပြောပါတယ်။ အီရန်ရေတပ်သင်္ဘော ၈ စီးဟာ လုံးဝ ပျက်စီးသွားခဲ့ပြီး ကျန်တဲ့ရေယာဉ်တွေကို ရှာဖွေ ရှင်းလင်းနေဆဲလို့ ထရမ့်က ထုတ်ပြန်သွားပါတယ်။

စစ်ဆင်ရေး စတင်ပြီး ၃၆ နာရီအတွင်း အမေရိကန် တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေဟာ အီရန်ရဲ့ စစ်ရေးပစ်မှတ်ပေါင်း ၁၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် စစ်တပ်ကလည်း ကြေညာပါတယ်။ ဒါ့အပြင် ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ B-2 ကိုယ်ပျောက် တိုက်လေယာဉ်ကြီးတွေကလည်း ပေါင် ၂၀၀၀ ဗုံးတွေ အလုံးအရင်း ကြဲချမှုကို အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။