Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားနားမှာ တိုက်ခိုက်ခံရတဲ့ ရေယာဉ်ပေါ်က ထိုင်းသင်္ဘောသား ၂၀ နေရပ်ပြန်ရောက်

ဟောမုဇ် ရေလက်ကြားနားမှာ တိုက်ခိုက်ခံခဲ့ရတဲ့ ထိုင်းကုန်တင်သင်္ဘောပေါ်က သင်္ဘောသား ၂၀ ဟာ နေရပ်နိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

ဓာတ်ပုံ - AFP

ဟောမုဇ် ရေလက်ကြားနားမှာ တိုက်ခိုက်ခံခဲ့ရတဲ့ ထိုင်းကုန်တင်သင်္ဘောပေါ်က သင်္ဘောသား ၂၀ ဟာ နေရပ်နိုင်ငံဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

မတ်လ ၁၆ ရက်နေ့မှာတော့ Mayuree Naree ကုန်တင်သင်္ဘောပေါ်က စုစုပေါင်း သင်္ဘောသား ၂၀ ဟာ ဘန်ကောက်မြို့ရဲ့ သုဝဏ္ဏဘူမိ လေဆိပ်ဆီ လေကြောင်းကနေ ဆိုက်ရောက်လာခဲ့ပါတယ်။

အဲဒီသင်္ဘောဟာ မတ်လ ၁၁ ရက်နေ့တုန်းက ပင်လယ်ကွေ့ ဒေသတွင်း ရေပြင်မှာ ရှိနေချိန် အီရန် ပစ်ခတ်လိုက်တဲ့ ဒရုန်း၊ ဒါမှမဟုတ် ဒုံးကျည် နှစ်ချက် ထိမှန်ပြီး မီးလောင်ခဲ့ပါတယ်။ သင်္ဘောပေါ်မှာ စုစုပေါင်း အမှုထမ်း ၂၃ ဦး လိုက်ပါလာခဲ့တဲ့အနက် ၂၀ က အသက်ကယ်လှေတွေနဲ့ လွတ်မြောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျန်တဲ့ ၃ ဦးက ပျောက်ဆုံးနေဆဲဖြစ်ပြီး ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့အချိန် အင်ဂျင်ခန်းထဲမှာ ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က Mayuree Nareeအပြင် လိုက်ဘေးရီးယားအလံ လွှင့်ထူထားတဲ့ သင်္ဘောတစ်စီးကိုပါ အကြိမ်ကြိမ် သတိပေးနေတာကို မျက်ကွယ်ပြုခဲ့တဲ့အတွက် အဲဒီနေ့မှာ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အကြောင်း ပြောကြားထားပါတယ်။

ဘန်ကောက်ကို ပြန်ရောက်လာတဲ့ သင်္ဘောသား ၂၀ လုံး လေဆိပ်ကို ရောက်ရောက်ချင်းမှာ ရဲတွေနဲ့ လုံခြုံရေး အရာရှိတွေက ခြံရံပြီး ခေါ်ဆောင်သွားကြပြီး မီဒီယာတွေနဲ့ စကားပြောခွင့် မပြုခဲ့ပါဘူး။

Mayuree Nareeကို ပိုင်ဆိုင်တဲ့ Precious ရေကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီက နေရပ်ပြန်ရောက်လာတဲ့ သင်္ဘောသားတွေကို ဆေးစစ်တာ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပြန်လည် ဆန်းစစ်ပေးတာတွေ ထောက်ပံ့ ကူညီသွားမယ်လို့ ပြောပါတယ်။

သင်္ဘောပေါ်မှာ ပျောက်ဆုံးနေသူ ၃ ဦးဟာ နောက်ထပ် နိုင်ငံ ၂ ခုရဲ့ နိုင်ငံသားတွေဖြစ်ပြီး သူတို့ကို ရှာတွေ့နိုင်ရေးအတွက် အကူအညီတွေ ရရှိဖို့ ထိုင်းအစိုးရက ကြိုးစားနေကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရာတီ အန်ဒါမိုက သုဝဏ္ဏဘူမိ လေဆိပ်မှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

တိုက်ခိုက်ခံရတဲ့ သင်္ဘောကို စွန့်ခွာပြီး လွတ်မြောက်လာတဲ့ ထိုင်းသင်္ဘောသား ၂၀ ကိုတော့ အိုမန်ရေတပ်က ကယ်ဆယ်ပေးခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ပွဲစတင်လာချိန် ကတည်းက အီရန်ဟာ နိုင်ငံတောင်ပိုင်းမှာ ရှိနေတဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ပစ်ကြောင်း ကြေညာပြီး ဖြတ်သန်းခုတ်မောင်းသွားတဲ့ ရေယာဉ်တွေကိုလည်း ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဟောမုဇ်ရေလက်ကြားဟာ ကမ္ဘာအနှံ့ကို တင်ပို့တဲ့ ရေနံစုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းသွားလာနေတဲ့ ရေလမ်းကြောင်း ဖြစ်ပါတယ်။ အဲဒီ ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတွေကို အီရန်က တိုက်ခိုက်နေခြင်းက ကမ္ဘာ့ စွမ်းအင် ကုန်သွယ်ရေး စျေးကွက်ကို အကြီးအကျယ် ထိခိုက်စေပြီး ကမ္ဘာတလွှားမှာ လောင်စာ ပြတ်တောက်နိုင်ခြေအတွက် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။