Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်စစ်ပွဲ အမြန်ဆုံး အပစ်ရပ်ရေး ပုပ်ရဟန်းမင်းကြီး တောင်းဆို

အီရန်ကို ဗဟိုပြုပြီး အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

အီရန်ကို ဗဟိုပြုပြီး အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မတ်လ ၁၅ ရက်နေ့တုန်းက ဗာတီကန်မှာ ပြုလုပ်ခဲ့တဲ့ ဝတ်ပြု ဆုတောင်းမှု အစီအစဉ်မှာတော့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ သာသနာပိုင်ချုပ် ပုဂ္ဂိုလ်ကြီးက အီရန်စစ်ပွဲရဲ့ ကြမ်းတမ်းရက်စက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ထောင်နဲ့ချီ သေဆုံးပြီး ဒေသကြီးတစ်ခုလုံးမှာ စိုးရိမ်ကြောင့်ကြမှုတွေ၊ ထိခိုက်နာကျင်မှုတွေ ခံစားနေရတယ်လို့ ပြောကြားသွားပါတယ်။

ပထမဆုံး အမေရိကန်နိုင်ငံသား ပုပ်ရဟန်းမင်းကြီးက အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ရာက အစပြုခဲ့တဲ့ စစ်ပွဲကြီးဟာ တရားမျှတမှု၊ ဒေသတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးတွေကို ရှာဖွေပေးနိုင်မယ့် အဖြေမဟုတ်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။

နှစ်ပတ်ထိ ကြာမြင့်လာပြီးတဲ့ အချိန်မှာ အရှေ့အလယ်ပိုင်း ဒေသက ပြည်သူတွေဟာ စစ်ရဲ့ ကြမ်းကြုတ်ရက်စက်မှု အနိဋ္ဌာရုံတွေကို အပြင်းအထန် ခံစားနေကြရကြောင်း စိန့်ပီတာ ရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ အပတ်စဉ် ဝတ်ပြုမှု အစီအစဉ်မှာ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အရှေ့အလယ်ပိုင်း ဒေသက ခရစ်ယာန်တွေနဲ့ စိတ်နှလုံးကောင်းရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့အတူ လက်ရှိ ပဋိပက္ခအတွက် တာဝန်ရှိသူတွေဆီ သူ့အနေနဲ့ တောင်းဆိုချင်တာက အပစ်အခတ် ရပ်လိုက်ဖို့ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

အီရန်စစ်ပွဲနဲ့ ဆက်စပ်ပြီး လက်ဘနွန်မှာလည်း အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ကြား စစ်ပွဲတွေ ဖြစ်ပွားနေတဲ့အပေါ် အထူးစိုးရိမ်မိကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ လက်ဘနွန် ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် အဓွန့်ရှည် တည်တံ့စေမယ့် ဖြေရှင်းမှုမျိုးကို သက်ဆိုင်သူတွေက ဆွေးနွေးညှိနှိုင်းမှု နည်းလမ်းတွေနဲ့ ရှာဖွေ ဆောင်ကြဉ်းပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုသွားခဲ့ပါတယ်။

အဲဒီ ဆုတောင်းပွဲ အစီအစဉ်အပြီး ရောမမြို့ထဲ ခဏတာ သွားရောက်ခဲ့ချိန်မှာလည်း ပုပ်ရဟန်းမင်းကြီးက စစ်ပွဲဆိုတာ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အဖြေမျိုး ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူးလို့ သတိပေးသွားခဲ့ပါတယ်။ ဒါ့အပြင် ဘုရားသခင်ရဲ့ နာမတော်အတွက်လို့ အကြောင်းပြချက်ပေးပြီး စစ်တိုက်၊ လူသတ်နေသူတွေကိုလည်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်သွားပါတယ်။

တချို့သောသူတွေဟာ လူတွေကို သတ်ဖြတ်နေတဲ့ လုပ်ရပ်အပေါ် ဘုရားသခင်အတွက် ဆိုတာမျိုး အကြောင်းပြချက် ပေးနေကြောင်း၊ ဒါပေမဲ့ ဘုရားသခင်ဟာ အမိုက်တရားတွေကို ဘယ်တော့မှ အားမပေးခဲ့ဘဲ အလင်းရောင်၊ မျှော်လင့်ခြင်းနဲ့ ငြိမ်းချမ်းမှုတွေကိုသာ လူသားတွေအတွက် ဆောင်ယူပေးလေ့ရှိကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် စတင်ပိတ်ဆို့ခဲ့တဲ့ ပထမဆုံး ရက်မှာ အဲဒီရေပြင်ကို ဖြတ်သန်း ခုတ်မောင်းတဲ့ သင်္ဘောတွေ ရှိခဲ့ပြီး တချို့တွေ နောက်ကြောင်း ပြန်လှည့်ခဲ့ရပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ဆွေးနွေးမှုတွေ အခုသီတင်းပတ်ထဲမှာ ပြန်စနိုင်ခြေ ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန်နိုင်ငံမှာ အီရန်-အမေရိကန် စစ်ပြေငြိမ်းရေးကိစ္စ သုံးပွင့်ဆိုင် ဆွေးနွေးမှု စတင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ထားတဲ့ စစ်ပွဲတွေမှာ ဘုရားသခင်ရဲ့ နာမတော်ကို အသုံးချနေတာဟာ မလျော်ကန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပါတယ်။ ဘုရားသခင်ဟာ ဘယ်လို စစ်ရေး ပဋိပက္ခကိုမှ ကောင်းချီးမပေးဘူးလို့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးက လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။