လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကို အက်ဆစ်နဲ့ တိုက်ခိုက်ခဲ့ကြောင်း သံသယရှိမှုအတွက် စစ်သား ၄ ဦးကို အင်ဒိုနီးရှား စစ်တပ်က ဖမ်းဆီးထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက KontraS လူ့အခွင့်အရေး အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်ရေး လက်ထောက် အရာရှိ အန်ဒရီ ယူနက်စ်ဟာ မော်တော်ဆိုင်ကယ် စီးလာချိန်မှာ လူနှစ်ဦး ပါလာတဲ့ စကူတာ တစ်စီးရဲ့ ချဉ်းကပ်လာမှုကို ကြုံခဲ့ရပါတယ်။ အဲဒီထဲက တစ်ဦးဟာ သူ့ကို အက်ဆစ်နဲ့ လှမ်းပက်ခဲ့တာ ဖြစ်ပါတယ်။
အက်ဆစ်ဒဏ်ကြောင့် အန်ဒရီရဲ့ မျက်နှာ၊ မျက်လုံးတစ်ဖက်၊ လက်တွေနဲ့ ရင်ဘတ်မှာ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက် တိုက်ခိုက်မှုနဲ့ ဆက်နွှယ်နိုင်တယ်လို့ သံသယရှိတဲ့ စစ်သား ၄ ဦးကို အင်ဒိုနီးရှား စစ်တပ်က ဖမ်းဆီးထားလိုက်ကြောင်း သိရပါတယ်။

Public Service Announcement
အင်ဒိုနီးရှား စစ်ထောက်လှမ်းရေးဌာန အကြီးအကဲ ယူစရီ နာယန်တိုက ကနဦးအဆင့် စုံစမ်းစစ်ဆေးမှုတွေအပြီး မသင်္ကာစရာ မူမမှန်မှုတွေကို သတိပြုမိလာခဲ့တဲ့နောက် အခုလိုမျိုး ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ သူက အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။
စွပ်စွဲခံထားရတဲ့ စစ်သား ၄ ဦးက တကယ်ပဲ ဒီတိုက်ခိုက်မှုကို ကျူးလွန်ခဲ့တယ်ဆိုရင် ဘာကြောင့် လုပ်ခဲ့သလဲဆိုတာ သိရဖို့ ဆက်ပြီး စုံစမ်းသွားမယ်လို့ ယူစရီက ဆိုပါတယ်။ သူတို့ ၄ ဦးစလုံးကို ဂျကာတာ မြို့မှာရှိတဲ့ လုံခြုံရေး အတင်းကျပ်ဆုံး အကျဉ်းထောင် တစ်ခုမှာ လောလောဆယ် ထိန်းသိမ်းထားပါတယ်။
ဂျကာတာ ရဲတပ်ဖွဲ့ကလည်း အန်ဒရီကို တိုက်ခိုက်ခဲ့သူ နှစ်ဦးရဲ့ မျက်နှာတွေကို ရိုက်ကူးမိထားတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို ထုတ်ပြန်ပြခဲ့ပါတယ်။ နောက်ပြီး တိုက်ခိုက်မှု မတိုင်ခင်မှာ စကူတာ ၂ ပေါ် လိုက်ပါလာတဲ့ သံသယရှိသူ ၄ ဦးက အန်ဒရီရဲ့နောက်ကနေ ခြေရာခံ လိုက်ပါနေခဲ့တယ် ဆိုတာကိုလည်း တွေ့ရပါတယ်။ အဲဒီ လုံခြုံရေး ကင်မရာ မှတ်တမ်းထဲက ၄ ဦးဟာ လောလောဆယ် အဖမ်းခံထားရတဲ့ စစ်သားတွေလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
စစ်တပ်က ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆရတဲ့ အရပ်သားတစ်ဦး တိုက်ခိုက်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အထူးကော်မတီတစ်ရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးဖို့လည်း အင်ဒိုနီးရှား လွှတ်တော် အမတ်တွေက မတ်လ ၁၈ ရက်နေ့မှာ သဘောတူခဲ့ကြပါတယ်။
အန်ဒရီဟာ အင်ဒိုနီးရှား အစိုးရအပေါ် စစ်တပ်ရဲ့ ဩဇာလွှမ်းမိုးမှုတွေ ချဲ့ထွင်လာတာကို အတိအလင်း ဆန့်ကျင်ဝေဖန်လေ့ ရှိသူ တစ်ဦးဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတက်ခ်က အင်ဒိုနီးရှားမှာ ဖြစ်ပွားခဲ့တဲ့ တုန်လှုပ်စရာ တိုက်ခိုက်မှု သတင်းကြောင့် အကြီးအကျယ် စိုးရိမ်မိကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့လည်း တောင်းဆိုထားပါတယ်။
ကိုးကား: AFP


















































