နှစ်ဆန်းပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူ ၃ ဦးကို အီရန်အစိုးရက ကြိုးပေး ကွပ်မျက်လိုက်ပါတယ်။
မတ်လ ၁၉ ရက်နေ့က သေဒဏ်စီရင်ခြင်းဟာ ဇန်နဝါရီလတုန်းက အီရန်မှာ ဖြစ်ပွားခဲ့တဲ့ လူထောင်ချီ သေဆုံးခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး အုံကြွမှုတွေနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် လက်တွေ့ ကွပ်မျက်မှုတွေလည်း ဖြစ်လာပါတယ်။ အစိုးရ ရှေ့နေတွေက အဲဒီ တရားခံ ၃ ဦးဟာ ရဲ ၂ ဦးကို သတ်ဖြတ်မှုမှာ ပါဝင်ကျူးလွန်သူတွေလို့ စွပ်စွဲခဲ့ကြပါတယ်။
ကွပ်မျက်ခံခဲ့ရသူတွေထဲမှာ အီရန် အမျိုးသား နပန်းအားကစား အသင်းရဲ့ ဆယ်ကျော်သက် လူငယ် ဆာလား မိုဟာမက်ဒီလည်း ပါဝင်ခဲ့ပါတယ်။
သူတို့ဟာ သေဒဏ်ကို အယူခံယူခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့နောက် နိုင်ငံမြောက်ပိုင်း ကွမ်ပြည်နယ်ထဲမှာ မတ်လ ၁၉ ရက် မနက်အစောပိုင်းက ကြိုးပေး ခံခဲ့ရကြောင်း အီရန်ရဲ့ Tasnim သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
အီရန်မှာ ဒီဇင်ဘာ လကုန်ပိုင်းက စတင်လာခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ဇန်နဝါရီ လထဲမှာ အရှိန်အမြင့်ဆုံး ဖြစ်လာပြီး အာဏာပိုင်တွေက ကြမ်းတမ်းရက်စက်နဲ့ နည်းလမ်းတွေနဲ့ တုံံ့ပြန် ဖြိုခွင်းခဲ့ပါတယ်။ အဲဒီ ပဋိပက္ခတွေအတွင်း ဆန္ဒပြသူ အများအပြား အပါအဝင် လူဦးရေ ထောင်ဂဏန်းကနေ သောင်းဂဏန်းထိ သေဆုံးခဲ့ကြောင်း အီရန် လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
Tasnimဟာ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်နွှယ်မှုရှိပြီး အစိုးရက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတဲ့ သတင်းဌာန ဖြစ်ပါတယ်။ သေဒဏ်စီရင် ခံရသူတွေဟာ ကုမ်ပြည်နယ်ထဲက မတူညီတဲ့ ဖြစ်စဉ်တွေမှာ ရဲအရာရှိ ၂ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ Tasnimက ဖော်ပြခဲ့ပါတယ်။
လူ့အခွင့်အရေး အဖွဲ့တွေကတော့ မိုဟာမက်ဒီတို့ ၃ ဦးဟာ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှု၊ ညှင်းပန်း နှိပ်စက်မှုတွေကြောင့် အပြစ်ဝန်ခံခဲ့ကြရတာ ဖြစ်တယ်လို့ ပြောပါတယ်။
အီရန်ဟာ အစ္စရေး၊ အမေရိကန်တို့နဲ့ စစ်ဖြစ်နေပြီး အခြေအနေတွေ အရမ်းရှုပ်ထွေးနေတဲ့ ကာလမျိုးမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ကွပ်မျက်နေခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ဆွီဒင်နဲ့ အီရန် နှစ်နိုင်ငံသားအဖြစ် ခံယူထားသူ ကူရူရှ် ကီဗာနီကိုလည်း အစ္စရေးအတွက် သူလျှိုလုပ်ပေးခဲ့တယ်လို့ စွပ်စွဲပြီး အီရန်က ကြိုးပေး ကွပ်မျက်ခဲ့ပါတယ်။ ကီဗာနီဟာ မနှစ်တုန်းက အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားခဲ့တဲ့ ၁၂ ရက်စစ်ပွဲ ကာလ အတွင်းမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုးကား: BBC


















































