စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတကာ စွမ်းအင် အကျပ်အတည်းကို ကုစားဖို့ အားထုတ်မှု တစ်ခုအဖြစ် အမေရိကန်ဟာ အီရန် ပိုင်ဆိုင်တဲ့ ရေနံတွေအပေါ် ပိတ်ဆို့မှု တချို့ကို ဖယ်ရှားပေးခဲ့ပါတယ်။
မတ်လ ၂၀ ရက်နေ့မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က အထူးဂရုပြု ရေးဆွဲထားပြီး ရေတိုကာလ တစ်ခုအတွက်သာ ရည်ရွယ်ထားတဲ့ ကန့်သတ် ရေနံဝယ်ယူခွင့် တစ်ခုကို ကြေညာခဲ့ပါတယ်။ အဲဒီ ကြေညာချက်အရ ကမ္ဘာ့နိုင်ငံ အသီးသီးဟာ သင်္ဘောပေါ် တင်ထားတဲ့၊ ဒါမှမဟုတ် ပင်လယ်ပြင်မှာ ရောက်ရှိနေတဲ့ အီရန်ရဲ့ ရေနံနဲ့ လောင်စာတွေကို ဝယ်ယူခွင့် ရလာမှာ ဖြစ်ပါတယ်။
အီရန်အပေါ် ကာလရှည်ကြာ ပိတ်ဆို့ထားတဲ့ အမေရိကန်ရဲ့ မူဝါဒ တစ်ခုကို ရုတ်တရက် အပြောင်းအလဲ လုပ်ခဲ့တာက အများအတွက် အံ့ဩစရာ ဖြစ်လာပြီး ဒီလုပ်ရပ်က လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်မလား ဆိုတာကတော့ မသေချာသေးပါဘူး။
အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ လကုန်မှာ စတင်စစ်ပြု တိုက်ခိုက်လာတဲ့နောက် အီရန်ဟာ နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ ရှိနေပြီး နိုင်ငံတကာ စွမ်းအင် တင်ပို့ရေးအတွက် အချက်အခြာ အကျဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို ပိတ်ထားခဲ့ပါတယ်။ အကျိုးဆက်ကတော့ နိုင်ငံတကာမှာ ရေနံနဲ့ လောင်စာဆီ ရှားပါးမှု ပြဿနာတွေ အကြီးအကျယ် ရိုက်ခတ်လာခဲ့ပါတယ်။

Public Service Announcement
အမေရိကန်ဟာ အဲဒီ အကျပ်တွေ့မှုကို ကုစားဖို့အတွက် အပိုဆောင်း သိုလှောင်ထားတဲ့ ရေနံစည်ပေါင်း သန်းရာနဲ့ချီ ထုတ်ပေးတာ၊ ရုရှားရေနံအပေါ် ပိတ်ဆို့ အရေးယူထားမှုတွေကို အကန့်အသတ်နဲ့ ဖြေလျှော့ပေးတာတွေ လုပ်ဆောင်ခဲ့သလို အခုတော့ အီရန်ရဲ့ ရေနံတွေကိုလည်း အလားတူ ဖြေလျှော့ပေးလာတာ ဖြစ်ပါတယ်။
ပင်လယ်ပြင်နဲ့ သင်္ဘောတွေပေါ် ရှိနေတဲ့ အီရန်ရေနံတွေကို နိုင်ငံတကာ ရောင်းဝယ်ဖောက်ကားမှုကို ရက်ပေါင်း ၃၀ ကြာ ခွင့်ပြုမှာဖြစ်ပြီး ဧပြီလ ၁၉ ရက်နေ့ထိ သက်တမ်း သတ်မှတ်ထားကြောင်း ဘက်ဆန့်က ပြောပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် နိုင်ငံတကာ စျေးကွက်ထဲကို ရေနံ စည်ပေါင်း သန်း ၁၄၀ ကျော်လောက် ချက်ချင်း ရောက်ရှိသွားနိုင်တယ်လို့ သူက ဆိုပါတယ်။
အခုလို ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးခြင်းဟာ စွမ်းအင် လိုအပ်ချက် ကြီးမားတဲ့ အိန္ဒိယ၊ ဂျပန်နဲ့ မလေးရှားတို့လို နိုင်ငံတွေအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ဘက်ဆန့်က ပြောခဲ့ပေမယ့် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ ရေနံရောင်းချတဲ့ ငွေတွေက အီရန်အစိုးရဆီ ရောက်ရှိသွားမလား ဆိုတာတွေကိုတော့ သူက အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။
စစ်ရေးသုတေသီ တချို့ကတော့ အမေရိကန်ဟာ အီရန်ကို ရေနံပြန်ရောင်းခွင့် ပေးလိုက်ပြီး ရလာတဲ့ ပိုက်ဆံကို အီရန်က စစ်ပွဲမှာ ပြန်သုံးလိမ့်မယ်လို့ ပြောပါတယ်။
ကမ္ဘာ့ရေနံ သုံးစွဲမှုဟာ ပျမ်းမျှ တစ်နေ့ကို စည်ပေါင်း သန်း ၁၀၀ လောက်ရှိပြီး အဲဒီထဲက ငါးပုံတစ်ပုံလောက်ကို ဟောမုဇ်ရေလက်ကြားကနေ ဖြတ်သန်း ပို့ဆောင်နေရတာပါ။ အီရန်ဟာ စစ်ပွဲစတင်လာချိန် ကတည်းက ဟောမုဇ် ရေလက်ကြားကို ပိတ်ပစ်ကြောင်း ကြေညာပြီး ဖြတ်သန်းသွားတဲ့ ရေနံတင် သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: AFP


















































