ဧပြီ-၁၄၊၂၀၂၆။People’s Spring
ဟောမုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားခဲ့တဲ့ လုပ်ရပ်ဟာ စီးပွားရေး အကြမ်းဖက်မှု တစ်ခုလို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။
အီရန်က ထိန်းချုပ် ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခွင့်ကို အမေရိကန်ကလည်း အပြိုင်အဆိုင် ပိတ်ဆို့မှု စတင် အသက်ဝင်ပြီးတဲ့နောက် ဧပြီ ၁၃ ရက်မှာ ဗန့်စ်က အခုလို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်းတုန်းက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေကို ကြုံခဲ့တဲ့ အီရန်ဟာ နိုင်ငံရဲ့ ကမ်းလွန်မှာ ရှိနေပြီး ကမ္ဘာ့ စွမ်းအင်တင်ပို့မှု အချက်အခြာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်ကို ပိတ်ဆို့ကြောင်း ကြေညာခဲ့ပါတယ်။

Public Service Announcement
အဲဒီနောက် အီရန်နဲ့ အမေရိကန်ကြား နှစ်ပတ်ကြာ အပစ်ရပ်ဖို့ သဘောတူညီမှု ရရှိချိန်မှာ အီရန်က ဟောမုဇ်ကို အကန့်အသတ်နဲ့ ပြန်ဖွင့်ပေးလာခဲ့ပါတယ်။ ဒါပေမဲ့ အပစ်ရပ် ကာလအတွင်း အမေရိကန်နဲ့ အီရန် အစိုးရကိုယ်စားလှယ်အဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးမှုက မအောင်မြင်ဘဲ အဆုံးသတ်ခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဧပြီ ၁၄ ရက်နေ့ကစပြီး ဟောမုဇ်ကို ပိတ်ထားဖို့ အမေရိကန် စစ်တပ်ကိုအမိန့်ပေးခဲ့ပါတယ်။
ဗန့်စ်ကတော့ အဲဒီ ရေလက်ကြားကို အီရန် ပိတ်ဆို့ထားခဲ့မှုကို အဓိကထား ဝေဖန်သွားခဲ့ပြီး အီရန်ဟာ စီးပွားရေး အကြမ်းဖက်မှု တစ်ခုကိုကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဒီလို ကစားပွဲမျိုးမှာ နှစ်ဖက် ဝင်ကစားမှ မျှတလိမ့်မယ်လို့လည်း သူက ထရမ့်ရဲ့ရေလက်ကြား ပိတ်ဆို့မှုအမိန့်နဲ့ ပတ်သက်ပြီး Foxနဲ့ အင်တာဗျူးမှာ မှတ်ချက် ပေးသွားခဲ့ပါတယ်။
သူက ပြီးခဲ့တဲ့ သီတင်းပတ်ကုန် အီရန်နဲ့ ဆွေးနွေးမှုတွေမှာ အချက်အတော်များများမှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေရခဲ့ကြောင်းလည်းဆိုပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ ဆုံးဖြတ်ရမယ့် အပိုင်းက အီရန်ရဲ့လက်ထဲမှာ ရှိနေတာလို့ ဗန့်စ်က ပြောကြားခဲ့ပါတယ်။
ထရမ့်ကတော့ ကျန်တဲ့ ကိစ္စအများစုမှာ ညှိလို့ရပေမယ့် နျူကလီးယား နည်းပညာ ထိုးထွင်း တီထွင်နိုင်ရေး ကိစ္စတွေနဲ့ ပတ်သက်ရင်အီရန်ကအလျှော့မပေးဘဲဆက်လက်ခေါင်းမာနေတာကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့ကြောင်း ထုတ်ပြောထားပါတယ်။
ဗန့်စ်က အီရန်ဟာ နျူကလီးယား ကိစ္စမှာ အမေရိကန်ဖက်က တောင်းဆိုတဲ့ အရေးကြီးတဲ့ အချက်တွေနဲ့ပတ်သက်ရင်ပြောင်းလွယ်ပြင်လွယ် သဘော
ထားနဲ့ ချဉ်းကပ်ဖို့လိုတယ်လို့သတိပေးခဲ့ပါတယ်။ အဲဒီ အချက်တွေထဲမှာတော့ အီရန်ရဲ့ ယူရေနီယမ် သန့်စင်ပိုင်ခွင့်ကို အမေရိကန်က ကြပ်မတ် ထိန်းချုပ်ခွင့်ရဖို့၊ အီရန် နျူကလီးယား စီမံကိန်းတွေဟာ လက်နက် ထုတ်လုပ်ဖို့ လုံးဝ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်သာစေမယ့် အတည်ပြုချက်တွေ ရယူဖို့ ဆိုတာတွေ ဖြစ်ပါတယ်။
ဟောမုဇ်ကို အမေရိကန်ကပါ ပိတ်ဆို့လာတာနဲ့ ပတ်သက်ပြီး အီရန်ရဲ့ တဟီရန်မြို့တော် အခြေစိုက် အရှေ့အလယ်ပိုင်း မဟာဗျူဟာ လေ့လာရေးစင်တာမှာရှိနေတဲ့အကြီးတန်းနိုင်ငံရေး သုတေသီ အဘက်စ် အက်စ်လာနီက အီရန်ရဲ့ လက်ရှိ အားသာချက်ကို တန်ပြန်ဖို့ အမေရိကန်ရဲ့ အားထုတ်မှု တစ်ခုလို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဟောမုဇ်ကို အမေရိကန်က ပိတ်ထားလိုက်ပြီး အီရန်ဆိပ်ကမ်းတွေ လုပ်ငန်းလည်ပတ်ခွင့်ကို ဖိအားပေးလိုက်တဲ့အခါ အီရန်နဲ့ ညှိနှိုင်းရာမှာ ပိုပြီး အသာစီး ယူနိုင်မယ်လို့ အမေရိကန်က မျှော်လင့်နေပုံ ပေါ်တယ်လို့ သူက ပြောပါတယ်။
အမေရိကန်ဟာ ဗင်နီဇွဲလားကို ဖိအားပေးရာမှာ အလားတူ နည်းလမ်းမျိုးကို အသုံးပြုခဲ့ပြီး ဗင်နီဇွဲလား ဆိပ်ကမ်းက ထွက်လာတဲ့ ရေနံတင် သင်္ဘောတွေကိုလည်း ကြားဖြတ် ဖမ်းဆီးခဲ့ကြောင်း၊ ဗင်နီဇွဲလားနဲ့ မတူတာက အီရန်ဟာ ကိုယ့်နိုင်ငံရဲ့ သင်္ဘောတွေ၊ ရေနံတင် သင်္ဘောတွေ ထိခိုက်ခံလာရရင် ကျိန်းသေ လက်တုံ့ပြန်မယ် ဆိုတာဖြစ်ကြောင်း သူက သတိပေးသွားပါတယ်။
ကိုးကား- BBC



















































