တကယ်လို့ အမေရိကန်နဲ့ အပစ်ရပ်ကာလ သက်တမ်း မတိုးနိုင်ဘဲ တိုက်ပွဲတွေ ပြန်စလာမယ်ဆိုရင် အဲဒီအတွက် ဝှက်ဖဲတွေ ကြိုပြင်ထားတယ်လို့ အီရန်ဖက်က ပြောပါတယ်။
အီရန်နဲ့ အမေရိကန်တို့ကြား နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲထားမှုဟာ ဧပြီ ၂၂ ရက်နေ့၊ အမေရိကန် စံတော်ချိန် ညနေပိုင်းမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အပစ်ရပ်ကာလ ပြီးဆုံးရင် သက်တမ်းထပ်တိုးဖို့ ဖြစ်နိုင်ခြေ နည်းလွန်းကြောင်း မှတ်ချက်ပေးထားပါတယ်။
ဒီတော့ အဲဒီကာလ သက်တမ်းမကုန်ခင် အမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု မအောင်မြင်ဘူးဆိုရင် စစ်ပွဲက ပြန်လည် စတင်လာနိုင်တဲ့ အဓိပ္ပါယ် ဖြစ်နေပါတယ်။
အီရန် လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်ကတော့ အီရန်ဟာ စစ်ပွဲ ပြန်စလာမယ့် အခြေအနေအတွက် အသင့်ပြင်ဆင်ထားတဲ့ သဘောမျိုး လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement
အီရန် အနေနဲ့ စစ်မြေပြင်မှာ ထုတ်ပြမယ့် ဝှက်ဖဲတွေကို ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ပြင်ဆင်ထားခဲ့ကြောင်း၊ ခြိမ်းခြောက်ဗိုလ်ကျမှုဆန်တဲ့ ဘယ်လို ညှိနှိုင်း ဆွေးနွေးမှုမျိုးကိုမှ အီရန်က လက်ခံမှာ မဟုတ်ကြောင်း သူက ဆိုပါတယ်။
အဲဒီ ဝှက်ဖဲတွေ ဆိုတာက ဘယ်လို အစီအမံတွေကို ရည်ညွှန်းသလဲ ဆိုတာကိုတော့ ဂါလီဘက်ဖ်က တိတိကျကျ ရှင်းပြမထားခဲ့ပါဘူး။
အီရန်နဲ့ အမေရိကန်တို့ဟာ အပစ်ရပ် ကာလအတွင်း ပါကစ္စတန်မှာ ပထမအကြိမ် ဆွေးနွေးမှုတွေ မအောင်မြင်ဘဲ အဆုံးသတ်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း နောက်ကွယ်မှာ စေ့စပ်ညှိနှိုင်းမှုတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့ပြီး ဧပြီ ၂၁ ရက်နေ့မှာ ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ် ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ ဒုတိယအကျော့ ဆွေးနွေးမှုတွေအတွက် ပါကစ္စတန်ကို ထွက်ခွာမယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ထားပါတယ်။
ထရမ့်က သူဟာ အပစ်ရပ်ကာလ မပြီးဆုံးခင် အီရန်နဲ့ သဘောတူညီမှု တစ်ခုခု ရရှိမယ်လို့ ယုံကြည်ထားကြောင်း ပြောပေမယ့် အဲဒီလို မဖြစ်မနေ သဘောတူညီမှု တစ်ခု ရယူဖို့ သူ့အပေါ် ဖိအားတွေ ရှိနေတယ်ဆိုတဲ့ ထင်ကြေးတွေကိုတော့ ပယ်ချထားပါတယ်။
ဟောမုဇ် ရေလက်ကြားမှာတော့ အမေရိကန်ဟာ အီရန်ကို ဖိအားပေးဖို့အတွက် အီရန်ရဲ့ ဆိပ်ကမ်းတွေကို ရေတပ်အင်အားသုံးပြီး ဆက်လက် ပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။ အီရန်က အဲဒီလုပ်ရပ်ဟာ အပစ်ရပ် သဘောတူညီမှုကို တစ်ဖက်သတ် ချိုးဖောက်မှုလို့ စွပ်စွဲ ဝေဖန်ထားပေမယ့် ထရမ့်ကတော့ အီရန်က သဘောတူညီမှု တစ်ခုခုအတွက် လိုက်လျောလက်ခံတာမျိုး မရှိမချင်း ပိတ်ဆို့မှုကို ဖယ်ရှားမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။
ကိုးကား: BBC



















































