ဂျပန်ပိုင် ကျွန်းနှစ်ခုကြား ရေပြင်ကနေ တရုတ် ရေတပ်သင်္ဘော အုပ်စုတစ်ခုက အသွားအပြန် ဖြတ်သန်း ခုတ်မောင်းခဲ့ကြောင်း သိရပါတယ်။
ဖျက်သင်္ဘော တစ်စီးအပါအဝင် အဲဒီ ရေယာဉ်တွေဟာ အိုကီနာဝါမှာရှိတဲ့ ဂျပန်ထိန်းချုပ်ထားရာ ကျွန်းနှစ်ခုကြား ရေပြင်ကနေ ဧပြီ ၂၂ ရက်နေ့မှာ ဒုတိယအကြိမ် ဖြတ်သန်း ခုတ်မောင်းခဲ့တာပါ။ ရေယာဉ်တွေရဲ့ ကမ်းဝေး သမုဒ္ဒရာ ရေပြင်မှာ စွမ်းဆောင်ရည် လက်တွေ့ စမ်းသပ်မှုတွေ လုပ်ဆောင်အပြီး အပြန်မှာ အဲဒီရေပြင်ကို ဖြတ်သန်းခဲ့တာလို့ တရုတ်က ဆိုပါတယ်။
အမှတ် ၁၃၃ ရေယာဉ်အုပ်ဟာ တရုတ်ရဲ့ အရှေ့ပိုင်းစင်္ကြံ စစ်ဆင်ရေး ကွပ်ကဲမှု ဌာန လက်အောက်ခံဖြစ်ပြီး ပစိဖိတ် သမုဒ္ဒရာ အမနောက်ခြမ်းမှာ စမ်းသပ် လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့တာပါ။ အဲဒီ ရေယာဉ်တွေဟာ ဂျပန်ရဲ့ ယိုနာဂူနီနဲ့ အီရီယိုမိုတီ ကျွန်းနှစ်ခုကြားကနေ ဖြတ်ပြီး တရုတ် ကမ်းရိုးတန်းဆီပြန်လာခဲ့တာလို့ ဆိုပါတယ်။
ကျွန်းတစ်ခုစီကနေ ၂၂ ကီလိုမီတာစီ ကွာဝေးတဲ့ ရေပြင်ကို ဂျပန် ရေပိုင်နက်အဖြစ် သတ်မှတ်ထားပြီး ဂျပန်ပိုင် မဟုတ်တဲ့ ရေယာဉ်တွေကို ဖြတ်သန်းခွင့် မပေးကြောင်း ဂျပန်အစိုးရက ကြေညာထားပါတယ်။ ဒါပေမဲ့ တရုတ်ဟာ အဲဒီ ရေပိုင်နက်တွေကို မထိခိုက်စေဘဲ ကျွန်းနှစ်ခုကြား ရေပြင်ကနေ ဖြတ်သန်း ခုတ်မောင်းခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အဲဒီရေလမ်းကြောင်းဟာ အကျယ် ၆၅ ကီလိုမီတာလောက် ရှိပါတယ်။

Public Service Announcement
တရုတ် ရေယာဉ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အဲဒီကျွန်းနှစ်ခုကြားကို ဖြတ်ပြီး ပစိဖိတ် သမုဒ္ဒရာဖက်ကို ထွက်ခွာသွားခဲ့ဖူးသလို အခုတော့ ဆန့်ကျင်ဖက် အရပ်မျက်နှာဆီ ခရီးနှင်လာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဂျပန် ဖျက်သင်္ဘော တစ်စီးက ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့တဲ့နောက် တရုတ် ရေတပ်သင်္ဘောတွေကလည်း ဂျပန်ကျွန်းနှစ်ခုကြားကနေ ဖြတ်သန်း ခုတ်မောင်းခဲ့တာပါ။ ဂျပန် ဖျက်သင်္ဘောရဲ့ လုပ်ရပ်ဟာ ရည်ရွယ်ချက်ရှိရှိ ရန်စမှုလို့ တရုတ်က စွပ်စွဲထားပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်အဖြစ် သတ်မှတ်ထားသလို တရုတ်နဲ့ ထိုင်ဝမ်ကြားမှာ တည်ရှိတဲ့ ထိုင်ဝမ် ရေလက်ကြားကိုလည်း ပိုင်နက်ရေပြင်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေကတော့ တရုတ်ရဲ့ အဆိုကို အသိအမှတ် မပြုဘဲ နိုင်ငံတကာ ရေပိုင်နက် အနေနဲ့သာ ယူဆထားပြီး စစ်သင်္ဘောတွေကို ကင်းလှည့်ခုတ်မောင်းဖို့ မကြာခဏ စေလွှတ်လေ့ ရှိပါတယ်။
ကိုးကား: Reuters


















































