အလည်အပတ် ခရီးစဉ် ရောက်ရှိနေတဲ့ ရုရှား အစိုးရ ထိပ်တန်း အရာရှိတွေနဲ့အတူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ရုရှားစစ်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်သည်တွေအတွက် အထိမ်းအမှတ် ပြတိုက်သစ်ကို ဖွင့်လှစ်ခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ မြောက်ကိုရီးယားဟာ ရုရှားကို စစ်ကူပေးဖို့အတွက် တပ်ဖွဲ့ဝင် ၁၅၀၀၀ လောက်ကို စေလွှတ်ပေးခဲ့ပါတယ်။ အဲဒီ မြောက်ကိုရီးယား စစ်သားတွေဟာ ရုရှားရဲ့ ကာ့စ်ခ်ဒေသမှာ ယူကရိန်း တပ်တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ကူညီတိုက်ခိုက်ပေးခဲ့ပြီး အရေအတွက် ၂၀၀၀ လောက် သေကြေပျက်စီးခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက ခန့်မှန်းခဲ့ပါတယ်။
အစောပိုင်းမှာ ရုရှားအတွက် စစ်ကူတွေ စေလွှတ်ပေးခဲ့ကြောင်း သတင်းတွေကို မြောက်ကိုရီးယားက နှုတ်ဆိတ်နေခဲ့ပေမယ့် ၂၀၂၅ ခုနှစ် ဧပြီလမှာတော့ အဲဒီကိစ္စကို နှစ်နိုင်ငံစလုံးက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ဧပြီ ၂၆ ရက်နေ့မှာတော့ ကင်မ်ဟာ ရုရှားအတွက် တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မြောက်ကိုရီးယား စစ်သည်တွေအတွက် ရည်ရွယ်ထားတဲ့ အထိမ်းအမှတ် ပြတိုက်သစ် ဖွင့်ပွဲ အခမ်းအနားကို ရုရှား လွှတ်တော် ဥက္ကဋ္ဌ ဗစ်ချယ်ဆလက်ဗ် ဗိုလိုဒင်၊ ကာကွယ်ရေးဝန်ကြီး အန်ဒရီ ဘီလူဆော့ဗ်တို့နဲ့အတူ တက်ရောက်ခဲ့ပါတယ်။

Public Service Announcement
ပြုံယမ်းမြို့တော်မှာ ကျင်းပတဲ့ အဲဒီ အခမ်းအနားမှာ ကင်မ်ဟာ ကျဆုံးစစ်သည် တစ်ဦးရဲ့ ရုပ်ကြွင်းပေါ်က ဖုန်တွေကို သန့်စင် ဖယ်ရှားပေးခဲ့သလို ရေခဲတိုက် တစ်ခုမှာ ထားရှိတဲ့ နောက်ထပ် စစ်သား ရုပ်အလောင်းတွေမှာ လွမ်းသူ့ပန်းစည်း ထားရှိခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဗိုလိုဒင်နဲ့ ဘီလူဆော့ဗ်တို့ ဦးဆောင်တဲ့ ရုရှားအစိုးရ အထူးကိုယ်စားလှယ် အဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မြောက်ကိုရီးယားကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဧပြီ ၂၄ ရက်နေ့တုန်းကလည်း အမေရိကန် ရေတပ်သင်္ဘောဟောင်း USS Puebloကို ထားရှိပြသထားတဲ့ ပြတိုက်ကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ အဲဒီ ရေတပ် ထောက်လှမ်းရေး သင်္ဘောကို ၁၉၆၈ ခုနှစ်မှာ မြောက်ကိုရီးယားက ထိန်းချုပ် သိမ်းယူပြီး အခုတော့ ပြတိုက်မှာ ပြသထားတာပါ။
မြောက်ကိုရီးယား အစိုးရ ထိပ်တန်း ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံကြားက စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်ထားပါတယ်။ ယူကရိန်း စစ်ပွဲကာလမှာ အဲဒီ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ပိုပြီး အားကောင်းလာကြောင်း တောင်ကိုရီးယားနဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ပြောပါတယ်။
ဧပြီ ၂၆ ရက်နေ့မှာ ရုရှားကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံတဲ့အခါ ကင်မ်က မြောက်ကိုရီးယား အနေနဲ့ ရုရှားရဲ့ ရပ်တည်မှုတွေမှာ အမြဲတမ်း အားပေး ထောက်ခံနေမယ်လို့ ကတိပြုခဲ့ပြီး ရုရှား အရာရှိတွေကလည်း မြောက်ကိုရီးယားရဲ့ ကူညီမှုကြောင့်သာ ကာ့စ်ခ်ဒေသဟာ ကျူးကျော်သူ ယူကရိန်း တပ်တွေရဲ့ ထိန်းချုပ်မှုအောက်က လွတ်မြောက်ခဲ့တဲ့အတွက် ရုရှားက အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားဆီ တပ်ကူတွေ ပို့ဆောင်ရုံသာ မကဘဲ လက်နက်ကြီး ကျည်နဲ့ တခြားခဲယမ်းမီးကျောက်တွေ အများအပြားကိုလည်း တင်ပို့ပေးခဲ့ကြောင်း ယုံကြည်ရပါတယ်။ အပြန်အလှန် အနေနဲ့ ရုရှားကလည်း မြောက်ကိုရီးယားကို စီးပွားရေး၊ နိုင်ငံရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ ကူညီမှုတွေ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ကိုးကား: AP




















































