Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်နိုင်ခြေ သတိပေးချက်ကို ဂျပန်ရုပ်သိမ်း

ဖျက်ဆီးအား အရမ်းပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်နိုင်ခြေ သတိပေးချက်ကို ဂျပန်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ဖျက်ဆီးအား အရမ်းပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်နိုင်ခြေ သတိပေးချက်ကို ဂျပန်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

ဧပြီ ၂၀ ရက်နေ့က ဂျပန်မြောက်ပိုင်း ကမ်းလွန်မှာ မဂ္ဂနီကျု ၇.၇ အဆင့် ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ရေလှိုင်းငယ်တချို့ ရိုက်ခတ်ခဲ့ပြီးတဲ့နောက် ဂျပန် ငလျင်တိုင်းတာရေး အေဂျင်စီက နောက်ထပ် တစ်ပတ်အတွင်း အဲဒီထက် ပိုအားပြင်းတဲ့ ငလျင်ကြီး တစ်ခု လှုပ်ခတ်နိုင်ခြေဟာ ၁ ရာခိုင်နှုန်းလောက် မြင့်တက်လာပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ အကြံပြုခဲ့ပါတယ်။

ဧပြီ ၂၇ ရက်နေ့မှာတော့ အဲဒီ သတိပေး အကြံပြုချက်ကို ပြန်လည် ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ဂျပန်ရဲ့ ဟော့ကိုင်းဒိုးကျွန်း တောင်ဖက် ကုန်းတွင်း ဧရိယာ တစ်ခုမှာ မဂ္ဂနီကျု ၆.၂ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသေးတယ်။

ဂျပန်အစိုးရရဲ့ သဘာဝ ဘေးအန္တရာယ် ကာကွယ်တားဆီးရေး ဌာန အကြီးအကဲ ကိုတာ အီဝါမူရာက ဧပြီ ၂၀ ရက်နေ့ ကတည်းက ထုတ်ပြန်ထားတဲ့ ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်နိုင်ခြေအတွက် ကြိုတင် စီမံ ပြင်ဆင်ထားဖို့ အကြံပြု သတိပေးချက်ကို ဧပြီ ၂၇ ရက်နေ့ ညနေမှာ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၂၀ ငလျင်ကြီးကြောင့် ဂျပန်မြောက်ပိုင်း ကမ်းရိုးတန်း ဒေသတွေမှာ ဆူနာမီ အန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့သလို ဒေသတွေလည်း အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီ ငလျင်ကြောင့် လူအသေအပျောက်နဲ့ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုတွေတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး ၂ ဦးကတော့ ဆေးရုံတက်ခဲ့ရပါတယ်။

ဂျပန်ဟာ ကမ္ဘာပေါ်မှာ ငလျင်နဲ့ မီးတောင် လှုပ်ရှားမှု အများဆုံး ကြုံတွေ့ရလေ့ရှိတဲ့ နိုင်ငံတွေထဲက တစ်ခုပါ။ ကျွန်းစုနိုင်ငံ တစ်ခုဖြစ်တဲ့ ဂျပန်ဟာ ကမ္ဘာ့မြေမျက်နှာပြင်အောက် ဧရာမ ကျောက်စိုင်ချပ်ကြီး ၄ ခု စုဆုံတဲ့ ငလျင်ကြောတွေပေါ်မှာ တည်ရှိနေပါတယ်။

လူဦးရေ ၁၂၅ သန်းလောက် နေထိုင်တဲ့ အရှေ့အာရှ ဒေသတွင်း နိုင်ငံဟာ နှစ်စဉ် ပြင်းအားအမျိုးမျိုးနဲ့ ငလျင်ပေါင်း ၁၅၀၀ လောက် လှုပ်ခတ်လေ့ ရှိပါတယ်။

ဂျပန်လူ့အဖွဲ့အစည်းဟာ ၂၀၁၁ ခုနှစ်တုန်းက လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၉.၀ အဆင့် ဧရာမ ဖျက်အားပြင်း ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေရဲ့ ခြောက်လှန့်မှုကို ခံနေရဆဲပါ။ အဲဒီ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပေါ်တဲ့ သဘာဝ ကပ်ဘေးကြီး နှစ်ခုကြောင့် လူပေါင်း ၁၈၅၀၀ လောက် သေဆုံးခဲ့ပြီး ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ဖြစ်ပွားခဲ့တဲ့ ဓာတ်ပေါင်းဖို အက်ကွဲမှုတွေကြောင့်လည်း လူ့သမိုင်းမှာ အဆိုးဆုံး နျူကလီးယား မတော်တဆမှုကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ